ကလောမြို့နယ်၊ ရေယားကျေးရွာနားမှာ ဇွန် ၂၁ ရက် မနက်ပိုင်းက ခရီးသည်တင်လာတဲ့ ကားတစီးကို စစ်တပ်ယာဉ်တန်းက ဝင်တိုက်ခဲ့လို့ ခရီးသည် ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကလောမြို့ပေါ်ကို ဈေးလာဝယ်တဲ့ ခရီးသည်တွေ တင်ဆောင်လာတဲ့ ကားကို စစ်ကြောင်းတက်လာတဲ့ ယာဉ်တန်းက ရေယားရွာနားမှာ တိုက်ခဲ့တာပါ။
မြို့ခံတယောက်က “သူတို့ကားလာတဲ့အချိန် လမ်းဘေးချ မမောင်းလို့ဆိုပြီး ဖြတ်တိုက်တာ။ ခရီးသည်တင်ကားက အရှိန်ပြင်းတော့မှောက်သွားတယ်။ ယာဉ်မောင်းက အတော်လေးဒဏ်ရာရတယ်။ ခရီးသည်တွေလည်း လက်တွေ ခြေထောက်တွေထိတဲ့သူတွေရှိတယ်။ လူတွေအုံလာမှ စစ်တပ်က ကားရပ်ပြီး ဆေးရုံပိုပေးတာ” လို့ ပြောပါတယ်။
ရေယားကျေးရွာအနီးကနေ ဖြတ်လာတဲ့ စစ်ကြောင်းယာဉ်တန်းက ယာဉ်မောင်းဟာ အရက်သေစာသောက်စားထားသလို အရှိန်လွန်တိုက်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်တင် Hi-ace ကားပေါ်က အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“စစ်သားတွေက တပ်ဆေးရုံပိုဖို့၊ သူတို့နဲ့ပါလာတဲ့ ဗိုလ်ကြီးက ပြဿနာတက်မယ်ဆိုပြီး မြို့နယ်ဆေးရုံပို့တာ။ ဆေးရုံရောက်တော့ တပ်နယ်မှူးက မိသားစုဝင်တွေကို တယောက် ၇၀,၀၀၀ နဲ့ရွှေဖီဦးလက်ဖက်ရည်ထုပ်တွေပေးပြီး ပြန်သွားတယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို ယာဉ်တိုက်မှုနဲ့ပတ်သက်လို့ ‘မတော်တဆဖြစ်ပြီး ကာယံရှင်တွေက ကျေနပ်ကြောင်းနဲ့ တပ်နယ်မှူးက ထောက်ပံ့ခဲ့တယ်ဆိုတာ သိရှိကြောင်း’ လက်မှတ်ထိုးရတယ် လို့လည်း ကလောမြို့နယ်ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။