မြောက်ကိုရီးယားနဲ့ ရုရှားခေါင်းဆောင်တွေဟာ စစ်ဖြစ်လာရင် အပြန်အလှန် ကာကွယ်ပေးကြဖို့ ကတိပြုထားတဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးနောက်မှာ တောင်ကိုရီးယားကလည်း ယူကရိန်းကို လက်နက်တွေ ထောက်ပံ့နိုင်ရေး ဖြစ်နိုင်ခြေကို သုံးသပ်ရတော့မယ်လို့ တောင်ကိုရီးယားအစိုးရက ဇွန် ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဆိုးလ်ဟာ ဒီသီတင်းပတ်မှာ မြောက်ကိုရီးယားနဲ့ ရုရှားခေါင်းဆောင်တွေ လက်မှတ်ရေးထိုးကြတဲ့ ဘက်စုံ မဟာဗျူဟာကျ မိတ်ဖက်သဘောတူစာချုပ်ကိုလည်း ရှုတ်ချလိုက်ပြီး အဲဒါဟာ ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ချိုးဖောက်နေတယ်လို့ ပြောပါတယ်။
ရုရှားသမ္မတပူတင်ကလည်း တောင်ကိုရီးယားဟာ ယူကရိန်းကို လက်နက်ထောက်ပံ့မယ် ဆိုရင် အမှားကြီးမှားတော့မယ်လို့ ဇွန် ၂၁ ရက်မှာ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။
ဒီတပတ် ပြုံယမ်းမှာ ရုရှားနဲ့ မြောက်ကိုရီယားအကြား သဘောတူစာချုပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တောင်ကိုရီးယားရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဇွန် ၂၁ ရက်မှာ ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
ပထမ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂင်မ်ဟုန်ကျွန်းက ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်နဲ့ ဘက်စုံ မဟာဗျူဟာကျ မိတ်ဖက်သဘောတူစာချုပ်တို့နဲ့ စပ်လျဉ်းပြီး ဆိုးလ်ရဲ့ ရပ်တည်ချက်ကို တောင်ကိုရီးယား ဆိုင်ရာ ရုရှားထိပ်တန်းသံတမန် Georgy Zinoviev ကို ပြောကြားခဲ့ကြောင်း ဆိုးလ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုထယ်ယူးလ်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်တို့ကလည်း အဲဒီသဘောတူစာချုပ်ကို ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုအဖြစ် ရှုတ်ချထားတယ်လို့ ဆိုးလ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
ရုရှားနဲ့ မြောက်ကိုရီယားတို့ဟာ အခုသီတင်းပတ် ပြုံယမ်းမှာ တွေ့ဆုံချိန်မှာ စစ်အေးခေတ်က သဘောတူညီချက်ကို အသက်ပြန်သွင်းခဲ့ကြတာဖြစ်ပြီး သူတို့တိုက်ခိုက်မှုတွေ ကြုံလာရချိန်မှာ စစ်ရေးအထောက်အကူ ပေးကြဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
Source-Reuters