Home
ဆောင်းပါး
တနိုင်ငံလုံး တခဲနက်ဆင်နွှဲရမယ့် ၈ ကြိမ်မြောက် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ 
DVB
·
June 26, 2024

ပဲခူးမြို့က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဟောင်း ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရ သံဃအစည်းအဝေးတက်ဖို့ သွားရောက်စဥ် ဇွန် ၁၉ ရက်မှာ စစ်ဓားပြဂိုဏ်းတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတာနဲ့ ပတ်သက်လို့ စစ်အာဏာလု ဓားပြဂိုဏ်းက တာဝန်မခံဘဲ တိုင်းပြည်ကို လိမ်ညာဖို့ ကြိုးစားခဲ့တာကြောင့် ချောင်းဦးမြို့နယ်က ရဟန်းသံဃာတော်တွေဟာ ဇွန် ၂၃ ရက်ကစပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက် ကံဆောင်ခဲ့ကြပါတယ်။

ထပ်မံပြီး ဇွန် ၂၄ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရဟန်းသံဃာတော်တွေကလည်း ချောင်းဦးမြို့နယ်က ရဟန်းသံဃာတော်တွေနဲ့အတူ စစ်မိစ္ဆာအစိုးရကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်လိုက်ကြပြန်ပါတယ်။ စစ်ဓားပြဂိုဏ်းက အာဏာလုကတည်းက ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်ခဲ့ရတဲ့ ရဟန်း သံဃာတွေ၊ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲလို့ သေရတဲ့ သံဃာတွေ၊ လက်နက်ကြီးတွေနဲ့ပစ်လို့ သေရတဲ့ သံဃာတွေ၊ တနိုင်ငံလုံး စစ်ကြောင်းတွေထိုးတဲ့အခါမှာ ပစ်ခတ်လို့ အသက်ဆုံးရှုံးရတဲ့ သံဃာတွေအတွက် တောင်းပန်မှုမရှိ၊ တာဝန်ယူမှု၊ ဝာာဝန်ခံမှု မရှိတာကြောင့်လို့ ဆိုပါတယ်။

ဗုဒ္ဓသာသနာ သမိုင်းမှတ်တမ်းတွေကို လေ့လာဆန်းစစ်ကြည့်မယ်ဆိုရင် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဥ် ခေတ်ကနေ ဒီကနေ့ မျက်မှောက်ခေတ်အချိန်ထိ သံဃာတွေအပေါ် အပြစ်လုပ်ခဲ့ကြ၊ စော်ကားကျူးလွန်ခဲ့ကြတဲ့ မိုက်မဲယုတ်ညံ့တဲ့ လူပုဂ္ဂိုလ်တွေ၊ အုပ်စိုးသူ မင်းဆိုးမင်းညစ်တွေ၊ အဓမ္မဝါဒီ အသိုင်းအဝိုင်းတွေကို သင်တို့ဟာ သံဃာနဲ့ ပတ်သက်ခွင့်ရှိသူတွေ မဟုတ်တော့ဘူးလို့ သိစေအပ်တဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှု၊ သို့မဟုတ် သပိတ်မှောက်ကံဆောင်မှု ပြုလုပ်ခဲ့ကြတာဟာ (၈) ကြိမ်ရှိသွားခဲ့ပြီဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ ပတ္တနိကုဇ္ဇန ကံဆောင်ပွဲဆိုတာဟာ ဗုဒ္ဓဘုရားရှင်တော် ဝေသာလီပြည် မဟာဝန်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူခဲ့စဉ်က သံဃာတော်တွေရဲ့ ဆွမ်း ကွမ်း ကိစ္စတွေအတွက် စီစဉ်ပေးတော်မူရတဲ့ အရှင်ဒဗ္ဗမထေရ်မြတ်ကို မလိမ္မာတဲ့ လူမိုက်တစုရဲ့ မြှောက်ထိုးပင့်ကော်လုပ်ခြင်းခံရတဲ့ လဇ္ဇဝီလူမျိုးနွယ် ဝဍ္ဎ ဆိုသူကနေ ဗုဒ္ဓထံသွားပြီး “မြတ်စွာဘုရား၊ သမုဒ္ဒရာရေ ပူလောင်ရော့မည်ထင့်၊ အရှင်ဒဗ္ဗဟာ တပည့်တော်ရဲ့ အိမ်ရှင်မကိုမှ အဓမ္မပြုကျင့်ပါပြီ” လို့ ပထမပါရာဇိကနဲ့ စွပ်စွဲခဲ့တာကို အခြေခံပြီး ပေါ်ထွန်းလာခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီမှာ မြတ်ဗုဒ္ဓက အရှင်ဒဗ္ဗကို ညပရိသတ်အလယ်ခေါ်ပြီး စစ်မေးရာမှာ အရှင်ဒဗ္ဗက “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ တပည့်တော်ဒဗ္ဗ အိပ်မက်နဲ့တောင် မေထုန်မှုမပြုဘူးပါ ဘုရား” လို့ ဖြေခဲ့ပါတယ်။ အဲဒါ မမှန်မကန်စွပ်စွဲမှုကို အကြောင်းပြုလို့ သပိတ်မှောက် ကံဆောင်ထိုက်တဲ့ အောက်ပါအချက်အင်္ဂါ ၈ ပါးအနက် တချက်ချက်နဲ့ ငြိစွန်းရင် သပိတ်မှောက်ခွင့်ကို ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင်က ခွင့်ပြုတော်မူခဲ့တာ ဖြစ်ပါတယ်။

၁။ ဘိက္ခူနံ အလာဘာယ ပရိသက္ကန - သံဃာတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုခြင်း၊

၂။ အနတ္တာယ ပရိသက္ကန - သံဃာတို့အား အရှက်တကွဲ အကျိုးမဲ့ဖြစ်အောင် ပြုခြင်း၊

၃။ အဝါသာယ ပရိသက္ကန - သံဃာတို့အား နေမြဲကျောင်းကန်၌ မနေနိုင်အောင် ပြုခြင်း၊

၄။ အက္ကောသန - သံဃာတို့အား ဆဲရေးခြင်း၊

၅။ ဘေဒန - သံဃာတို့အား အချင်းချင်း ဂိုဏ်းကွဲအောင်ပြုခြင်း၊

၆။ ဗုဒ္ဓအဝဏ္ဏ ဘာသန - ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊

၇။ ဓမ္မ အဝဏ္ဏ ဘာသန - တရား၏ဂုဏ်မဲ့ကို ပြောဆိုခြင်း၊

၈။ သံဃ အဝဏ္ဏ ဘာသန - သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။

ပတ္တနိက္ကုဇ္ဇန ဆိုတဲ့ စကားစုကို ပတ္တ(လှန်ထားတဲ့) သပိတ်ကို၊ နိကုဇ္ဇန = မှောက်ခြင်းလို့ တိုက်ရိုက်အဓိပ္ပာယ် ပြန်နိုင်ပါတယ်။ ဒါဟာ တင်စားပြီးပြောတဲ့သဘော အဓိပ္ပာယ်က ရှေ့မှာ ဖော်ပြထားတဲ့ အပြစ် ၈ မျိုးထဲက တခုခုကို ကျူးလွန်သူ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့အိမ်က အလှူဝတ္ထုကိုမှ လက်မခံတာ၊ အဲဒီလို လက်မခံဖို့ တခြားကျောင်းတိုက်က သံဃာတော်တွေကိုပါ သတင်းစကားပို့ထားတာကို ‘သပိတ်မှောက်’ လို့ ဆိုတာပါပဲ။

(အင်္ဂုတ္တရနှင့် ဝိနယအဋ္ဌကထာများ) အလိုအရ သပိတ်ကို အမှန်တကယ် မှောက်ထားလိုက်ရမယ်လို့ မဆိုလိုပါဘူး။ ပတ္တနိက္ကုဇ္ဇနကံ သပိတ်မှောက်ကံကို သိမ်ထဲမှာဖြစ်စေ၊ သိမ်မရှိရင် မြစ်ထဲမှာဖြစ်စေ သံဃာတော်တွေ စုရုံးပြီး ကမ္မဝါစာကို ဖတ်ပြီး ထုတ်ပြန်ရပါတယ်။ အဲဒီလို ထုတ်ပြန်ပြီးနောက် သဘောတူတဲ့ သံဃာတော်တွေအားလုံး တညီတညွတ်တည်း လိုက်နာရပါတယ်။

အဲဒီကံပြုပြီးလို့ အပြစ်လုပ်သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက သူတို့မှားကြောင်း သိပြီး တပည့်တော်တို့ကို ခွင့်လွှတ်ပါလို့ ပြန်လည်ပြီး တောင်းပန်လာခဲ့ရင်လည်း အဲဒီသပိတ်မှောက်ကံကို ပြန်ရုပ်သိမ်းပေးရမှာပါ။ အဲဒီအကြောင်းတွေကို စူဠဝဂ်မှာ ဘုရားရှင်က အသေးစိတ် ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာသမိုင်းမှာ ပတ္တနိကုဇ္ဇန ကံဆောင်မှု၊ သို့မဟုတ် သပိတ်မှောက်ကံဆောင်မှု ပြုလုပ်ခဲ့ကြတာဟာ ၈ ကြိမ် ရှိတဲ့အနက် ပထမအကြိမ်ဟာ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကတော့ သီရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ကျန်တဲ့ ၆ ကြိမ်ကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲများ …

၁။ တတိယ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ လောက်က ပုဂံဘုရင် နရပတိစည်သူမင်း လက်ထက်မှာ ပံ့သကူမထေရ် ဆိုတဲ့ မင်းဆရာတပါး ရှိခဲ့တယ်။

နရပတိစည်သူမင်းဟာ တုရွင်တောင်ဘုရားကို ဖူးမြော်ရင်း အပြန်မှာ စူဠာမဏိဘုရားတည်ဖို့ ဆန္ဒဖြစ်ခဲ့ပါသတဲ့။ ဘုရားတည်ဖို့ ချောက်ကြီးကို မြေဖို့နိုင်အောင် ပုဂံပြည်သူတွေကို အမိန့်အာဏာနဲ့ ခိုင်းစေခဲ့တာကြောင့် ပုဂံပြည်သူတွေမှာ အခကြေးငွေ မရရှိကြဘဲ ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ကြရပါတယ်။

ပံ့သကူမထေရ်မြတ်က ပုဂံပြည်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေအပေါ် စိတ်မချမ်းသာဖြစ်မိတာမို့ ဘုရင့်ထံကို သွားရောက်ပြီး ဘုရားတည်ခြင်းဟာ ကုသိုလ်ပြုခြင်းဖြစ်လို့ အကုသိုလ်မဖြစ်သင့်ကြောင်း၊ ပုဂံပြည်သူတွေ ဆင်းရဲ ပင်ပန်းနေကြခြင်းဟာ အကုသိုလ်သာဖြစ်ကြောင်း မိန့်ဆိုခဲ့ပါသတဲ့။

နရပတိစည်သူမင်းက ဆရာတော်စကားကို အလေးမထားဘဲ ပြည်သူတွေကို ဆက်လက်ခိုင်းစေခဲ့တာမို့ ပံ့သကူမထေရ်ဟာ ဘုရင်ကပ်လှူတဲ့ဆွမ်းကို ဘုဉ်းပေးခြင်း မပြုတော့ဘဲ ပြည်သူတွေထံက ဆွမ်းခံခဲ့ပါတယ်။

အဲဒီအခါ ဘုရင်ကလည်း မိမိဆွမ်းကို မဘုဉ်းလျှင် မိမိတိုင်းပြည်ရှိ ပြည်သူလူထုဆွမ်းကို ဘုဉ်းပေးလျှင်လည်း မိမိဆွမ်းကို ဘုဉ်းတာနဲ့ တူတယ်လို့ သံဃာအကျိုးယုတ်စေတာမို့ ပံ့သကူမထေရ်လည်း သပိတ်မှောက်တဲ့အနေနဲ့ သီရိလင်္ကာကို ကြွသွားခဲ့ပါတယ်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်လိုက်တာမို့ ပြည်သူတွေ ကြည်ညိုတဲ့ ရဟန်း ထွက်သွားတဲ့အပြင် ဘုရင်ရဲ့ အဓမ္မခိုင်းစေမှုတွေ၊ စီမံအုပ်ချုပ်မှုတွေကို မကျေနပ်ကြတော့ ပြဿနာတွေ တက်လာပါတော့တယ်။

ဒီအခါမှာ ဘုရင်လည်း ဖိအားဝင်လာတာကြောင့် ဆရာတော်ကို ပြန်ခေါ်စေပါတယ်။ ဘယ်လိုခေါ်ခေါ် မလိုက်တာမို့ လှေဦးမှာ ဘုရားဆင်းတုတော်တင်ပြီး ပုဂံပြည်ကို ပြန်လိုက်လာဖို့ လျှောက်တဲ့အခါမှ ဆရာတော် ပြန်ကြွလာခဲ့ပါတယ်။ ဘုရင်လည်း မိမိရဲ့အမှားကို တောင်းပန်ပြီး မထေရ်မြတ် မိန့်ကြားတဲ့အတိုင်း ကောင်းမှုကုသိုလ်ကို ဖြစ်စေတဲ့ ဘုရားတည်ခြင်းနဲ့ ပြည်သူတွေနဲ့ ပြေလည်မှု ရရှိခဲ့တာမို့ စူဠာမဏိစေတီတော်ကို အပြီးသတ်နိုင်ခဲ့ပါတယ်။

၂။ စတုတ္ထအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ

အင်းဝခေတ်မှာ ပညာမာန်တက်ပြီး လူ ရှင် ရဟန်းတွေကို နှိပ်ကွပ်စော်ကားတတ်တဲ့ ရှေ့နေ ခုံတော်မောင်ကျဘမ်းနဲ့ တောင်တွင်းတောရဆရာတော် ရှင်ဥတ္တမကျော်တို့အကြား တရားစွဲဆိုမှု ဖြစ်ပွားခဲ့ပါတယ်။

သာသနာပိုင်ဆရာတော်ကြီးနဲ့တကွ သံဃာတော်တွေက လောကီ၊ လောကုတ္တရာ ကျမ်းဂန်တွေနဲ့ ညှိနှိုင်းပြီး အရင်ကလည်း သံဃာကို ပုတ်ခတ်စော်ကားခဲ့ပြီး ဒီတခါမှာလည်း သာသနာတော်ကို စောင့်ရှောက်တော်မူတဲ့၊ ဝိနည်းတော်ကို ထိန်းသိမ်းတဲ့ ရှင်ဥတ္တမကျော်ကို လီဆယ်စွပ်စွဲသကဲ့သို့ ဖြစ်တာမို့ သာသနာတော်ကို ညှိုးငယ်အောင်လုပ်တာနဲ့ တူတယ်လို့ တိုင်ပင်ကြပြီး အင်းဝမှာရှိကြတဲ့ သံဃာတော်တွေကို မောင်ကျဘမ်းနဲ့ မိသားစု လှူဒါန်းသမျှကို သပိတ်မှောက်ကြစေလို့ အမိန့်ချမှတ်ခဲ့ကြပါတယ်။ အဲဒီအခါမှ မောက်မာတဲ့ ခုံတော်မောင်ကျဘမ်းလည်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး တောင်းပန်ပါ့မယ်၊ ခွင့်လွှတ်တော်မူပါရန် မာန်စွယ်ချ တောင်းပန်ခဲ့ရပါတယ်။

၃။ ပဉ္စမအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ

နဝတ စစ်အာဏာသိမ်းအစိုးရခေတ် ၁၉၉၀ ဩဂုတ်လ ၈ ရက်နေ့ ရှစ်လေးလုံးအရေးတော်ပုံ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့က သံဃာအပါး ၂၀,၀၀၀ ကျော် ပရိတ်ရွတ်ဖတ် လှည့်လည်ကြရာမှာ စစ်အစိုးရက ရိုက်နှက်ဖြိုခွင်းပစ်ခတ်ခဲ့လို့ သံဃာအချို့ ထိခိုက်ဒဏ်ရာ ရခဲ့တာမို့ လေးပြင်လေးရပ်က သံဃာတော်တွေ အစည်းအဝေးထိုင်ပြီး စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခဲ့ကြပါတယ်။

အဲဒီကံဆောင်ပွဲကို ရန်ကုန်က သံဃာတော်တွေပါ ပူးပေါင်းပါဝင်လာပြီး တပြည်လုံး အတိုင်းအတာအထိ ကျယ်ပြန့်လာတာမို့ စစ်အစိုးရဟာ မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဦးရာဇဓမ္မဘိဝံသ၊ မစိုးရိမ်တိုက်ဟောင်းဆရာတော် ဦးကောဝိဒါဘိဝံသ၊ တိပိဋကဓရဆရာတော် ဦးသုမင်္ဂလလင်္ကာရ၊ သံဃာ့သမ္မဂီဥက္ကဋ္ဌ ဆရာတော် ဦးရေဝတ၊ ရန်ကုန်က အင်းစိန်ရွာမဆရာတော် ဦးတိလောက (ယခု-မဘသဥက္ကဋ္ဌဆရာတော်)၊ မေဒိနီဆရာတော်တို့ အပါအဝင် သံဃာတော် အများအပြားကို ဖမ်းဆီး အတင်းအကျပ် လူဝတ်လဲစေပြီး ထောင်သွင်း အကျဉ်းချခဲ့ပါတယ်။

မစိုးရိမ်တိုက်ဟောင်း မန္တလေးသပိတ်တပ်ပေါင်းစု ဆရာတော် ဦးကဝိန္ဒ အပါအဝင် သံဃာတော် အမြောက်အမြားကို ထောင်သွင်းအကျဉ်းချ ရဲဘက်စခန်း ပို့ခဲ့တာကြောင့် ခင်မကန်ဆရာတော် ဦးဓမ္မနဲ့ သံဃာတော် ၁၂ ပါး ပျံလွန်တော်မူခဲ့ရပါတယ်။ တိပိဋကဓရ ဆရာတော် ဦးသုမင်္ဂလလင်္ကာရနဲ့ သံဃာ့သမဂ္ဂီ ဥက္ကဋ္ဌ ဆရာတော် ဦးရေဝတ တို့ကတော့ ရာသီဥတုကြမ်းတဲ့ ဝေးလံခေါင်ဖျားက အကျဉ်းထောင်တွင်းက ရခဲ့တဲ့ဒဏ်ရာတွေကြောင့် အပြင်ရောက်ပြီး ပျံလွန်တော်မူခဲ့ရပါတယ်။

၄။ ဆဋ္ဌမ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ

နအဖ စစ်အာဏာလုအစိုးရလက်ထက် ၂၀ဝ၇ ခုနှစ် စက်တင်ဘာ ၅ ရက် မြန်မာနိုင်ငံအလယ်ပိုင်း၊ ပခုက္ကူမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ သံဃာတွေကို ဓာတ်တိုင်မှာ ကြိုးနဲ့တုပ် ရိုက်နှက်ခဲ့တဲ့ တာဝန်ရှိသူတွေက သံဃာတော်တွေ မကျေနပ်သည့်တိုင် ဝန်ချတောင်းပန်ခြင်း မပြုလို့ ပတ္တနိက္ကုဇ္ဇနကံဆောင်မှု ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ သံဃာတော်တွေအတွက် ကျေနပ်တဲ့အထိ တောင်းပန်ရမယ်။ အဲဒီလိုမဟုတ်ရင်တော့ သံဃာတော်တွေက စစ်အစိုးရနဲ့ အပေါင်းအပါတွေကို သပိတ်မှောက်ကံ ထပ်မံဆောင်ကြမယ်ဆိုတဲ့ သတင်းဟာ ပြည်တွင်းရော ပြည်ပမှာပါ ဟိုးလေးတကျော် ဖြစ်ခဲ့ရပြီး နောက်ဆုံး ကမ္ဘာကျော် ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ပွားခဲ့ရတာ ဖြစ်ပါတယ်။

၅။ သတ္တမ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ

ပဉ္စမနဲ့ ဆဋ္ဌမအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ‌တွေက တောင်းဆိုချက်တွေကို ကျူးလွန်ခဲ့တဲ့ စစ်အစိုးရက ပြန်လည်ဝန်ချတောင်းပန်မှု မပြုလုပ်ခဲ့တာကြောင့် သတ္တမအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲကို ၂၀၀၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ (ဘင်္ဂလားဌာန) က ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ မြစ်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ ရဟန်းတော်တွေက နအဖ စစ်အစိုးရကို ဖမ်းဆီးထားတဲ့ သံဃာတော်တွေ ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ စစ်အစိုးရ ကျူးလွန်ခဲ့တာတွေကို ဝန်ချတောင်းပန်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

၆။ အဋ္ဌမမြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ

ဒီကနေ့ မြန်မာနိုင်ငံတဝန်းမှာ အုတ်အော်သောင်းနင်း လူသိများခဲ့ရတဲ့ ပဲခူးမြို့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်ဟောင်း ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဇွန် ၁၉ ရက်မှာ စစ်ဓားပြဂိုဏ်းတပ်သားတွေရဲ့ မဆင်မခြင် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ကိစ္စကို အကြောင်းပြုပြီး ချောင်းဦးမြို့နယ်က ရဟန်းသံဃာတော်တွေနဲ့ ဒီပဲယင်းမြို့နယ်က ရဟန်းသံဃာတော်တွေ ဦးဆောင်ကြတဲ့ အဋ္ဌမမြောက် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ကံဆောင်ပွဲမှာ ကမ္မဝါ ဘယ်လိုရွတ်ဖတ်ရတယ်၊ ဘယ်လိုဆောင်ရွက်ရတယ်ဆိုတာ အများပြည်သူတွေ ပိုမိုသိရှိနိုင်အောင်လို့ အရှင်ခေမာစာရ (ပြည်ပရောက် ရဟန်းပျိုသမဂ္ဂ) ရေးသားခဲ့တဲ့ “ပတ္တနိက္ကုဇ္ဇနကံ အောင်ပွဲ” ဆိုတဲ့ ဆောင်းပါးထဲက အောက်မှာ မူရင်းစာသားတွေကို ကူးယူဖော်ပြလိုက်ပါတယ်။

ပထမမှာ “နမော တဿ” ၃ ကြိမ် ရွတ်ပြီးတော့ “သုဏာတုမေ” ကနေပြီး “ဇသာဉတ္တိ ” အထိပေါ့၊ တချို့ တကြိမ်၊ တချို့ သုံးကြိမ် ရွတ်ဖတ်ကြတယ်။ “သုဏာတု မေ” ကနေပြီး “ သောဘာသေယျ” ဆိုတဲ့ အလယ်ပိုဒ်နဲ့ “နိက္ကုဇ္ဇိတော” ကနေပြီး “ဓာရယာမိ” အထိ အဆုံးပိုဒ်ကို သုံးကြိမ်စီ အသီးသီး ရွတ်ဖတ်ရမှာ ဖြစ်တယ်။

ဒီ ကမ္မဝါရွတ်ဖတ်တာမှာ အခြား ကမ္မဝါတွေလိုပါပဲ၊ အသံအနိမ့်အမြင့်၊ အပြင်းအပျော့၊ သိထိလ ဓနိတ ဋ္ဌာန်ကရိုဏ်း “တုံး” သဘောတရားဆန်တဲ့ သံစဉ်တွေနဲ့ ရွတ်ရမှာဖြစ်တယ်… စကားပြေတွေလို တပြေးတည်း ရွတ်ဖတ်လို့မရဘူး။ ဋ္ဌာန်ကရိုဏ်းမှန်မှလည်းပဲ စူးရှအဓိပ္ပာယ် သက်ရောက်မှု ပိုပြီးရှိရမယ် မဟုတ်လား……..။

ကမ္မဝါရဲ့ ဆိုလိုချက်ကတော့ အင်မတန် စိတ်ဝင်စားစရာကောင်းတယ်။ “သံဃာတော် အရှင်မြတ်များဘုရား၊ နားဆင်တော်မူကြပါ ဘုရား….။ ရုန့်ရင်း ကြမ်းတမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှဉ်းဆဲ သတ်ဖြတ်ပြီး အာဏာကို မတရားရယူတဲ့ (သူခိုးကြီး) အာဏာရှင် စစ်အုပ်စု န.အ.ဖ တွေက ပခုက္ကူ သံဃာတွေကို အခြေအမြစ်မရှိတဲ့ အကြောင်းပြ စွပ်စွဲချက်တွေနဲ့ ရိုက်ပုတ် နှိပ်စက်နေပါပြီ၊ ဖမ်းဆီးချုပ်နှောင်နေပါပြီ၊ အသက်ကိုပင် အန္တရာယ်ပြုနေပါပြီ ဘုရား…..။ ဘုရားတပည့်တော်များ အနေနဲ့ အဲဒီ ရုန့်ရင်း ကြမ်းတမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှဉ်းဆဲ သတ်ဖြတ်သော အာဏာကို မတရားရယူထားသော (သူခိုးကြီး) အာဏာရှင်စစ်အုပ်စု (န.အ.ဖ) ကို ဘာသာရေးအရ ဆက်ဆံမှုတွေ မလုပ်ဘဲ သပိတ်မှောက် ကံဆောင်ကြောင်း အသိပေး လျှောက်ထားပါတယ် ဘုရား………။

ဒီ သပိတ်မှောက် ကံဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောစရာ ဆိုစရာ ရှိပါက ပြောဆိုနိုင်ပါတယ် ….. ဘုရား။ ပြောမယ့်ဆိုမယ့် မထေရ်များ မရှိဘဲ ဆိတ်ဆိတ်နေတော်မူကြမယ်ဆိုရင် ဘုရား တပည့်တော်များ သဘောတူတယ်လို့ သတ်မှတ်ပါတယ်…….ဘုရား” ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံမှာ လက်နက်အားကိုးပြီး အကြမ်းဖက် ဗိုလ်ကျ ရမ်းကားနေကြတဲ့ စစ်အာဏာရှင် မကောင်းဆိုးဝါး အသိုင်းအဝိုင်းဟာ နှစ်ပေါင်း ၇၀ ကျော် ခေတ်အဆက်ဆက်မှာ တိုင်းရင်းသား မိဘပြည်သူတွေ၊ အပြစ်မဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေသာမကဘဲ ဘာသာပေါင်းစုံနဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေလည်း ပစ်ခတ် သတ်ဖြတ်၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ မိုက်ရိုင်းစွာ ကျူးလွန်ခဲ့ကြတာမို့ စစ်မှန်တဲ့ ဘုရားသားတော်တွေက စစ်ဘီလူး ဓားပြဂိုဏ်းကို ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ ၄ ကြိမ်အထိ ဆင်နွှဲလို့ ဆန့်ကျင်ခဲ့ကြရပါတယ်။

အခုလောလောဆယ် ဆောင်ရွက်တော်မူနေကြတဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲမှာလည်း စစ်မိစ္ဆာ ဘီလူးတသိုက်ဟာ အရင်က ကံဆောင်ပွဲတွေလို အနှစ်သာရ မပါတဲ့ တောင်းပန်မှုတွေ၊ တာဝန်ခံမှု တာဝန်ယူမှု မပါတဲ့ တုံ့ပြန်မှုတွေနဲ့ နိုင်ငံနဲ့ ပြည်သူလူထုတရပ်လုံးကို မထီမဲ့မြင်ပြုပြီး ဆက်လက်ရမ်းကား မိုက်ရိုင်းကြဦးမှာ၊ သံဃာတော်တွေနဲ့ ပြည်သူလူထုကို ဆက်လက် ဖမ်းဆီး သတ်ဖြတ်ကြဦးမှာမို့ ၈ ကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲကြီးကို တနိုင်ငံလုံးက ပြည်တွင်း ပြည်ပက သံဃာတွေသာမက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက တခဲနက် ပါဝင်ဆင်နွှဲလို့ စစ်အာဏာရှင်စနစ်ဆိုးကို ဝိုင်းဝန်းအမြစ်ဖြတ် ဖျက်သိမ်းဖို့ လိုအပ်ပါကြောင်း တိုက်တွန်း သတိပေးလိုက်ရပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024