မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေဟာ ထောပတ်သီးတွေ စစ်ဆေးတဲ့ အမေရိကန် စစ်ဆေးရေးမှူးတွေကို ကာကွယ်ပေးဖို့ လုံခြုံရေး စည်းကမ်းချက်အသစ်တွေကို သဘောတူညီခဲ့ကြကြောင်း မက္ကဆီကိုနိုင်ငံရဲ့ ထိပ်တန်းထောပတ်သီးတွေ စိုက်ပျိုးရာ မီချိုအကန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဇွန် ၂၄ ရက်က ပြောပါတယ်။
ဇွန် ၁၅ ရက်က ထိပ်တန်းထောပတ်သီးတွေကို တင်ပို့နေတဲ့ မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းရှိ မီချိုအကန်ပြည်နယ်မှ ဒေသဆိုင်ရာရဲတွေဟာ အိမ်နီးချင်း အမေရိကန်နိုင်ငံမှ သီးနှံဆိုင်ရာ ကျန်းမာရေးဘေးကင်းမှု စစ်ဆေးရေးမှူးတွေကို ဖြတ်သန်းခွင့်မပြုကြောင်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး မက္ကဆီကို ဒေသရဲတွေဟာ အမေရိကန်စစ်ဆေးရေးမှူးတွေကိုလည်း မဖွယ်မရာ ဖမ်းဆီးထားခဲ့ပြီးနောက်မှာ သဘောတူညီမှုရခဲ့တာပါ။
ဒီဖြစ်စဉ်ကြောင့် အမေရိကန်ဟာ ထောပတ်သီးနဲ့ သရက်သီးတွေအတွက် စစ်ဆေးခြင်းကို ခဏ ရပ်ဆိုင်းထားခဲ့ပါတယ်။
မီချိုအကန် ပြည်နယ်အုပ်ချုပ်ရေးမှူး အဲလ်ဖှရဒ်ဒိုရာမီရက်ဇ်နဲ့ မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကန်ဆလာဇာတို့ တွေ့ဆုံခဲ့ကြအပြီးမှာ လုံခြုံရေးအစီအစဥ်အသစ် လုပ်ဆောင်ထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
လုံခြုံရေးအစီအစဥ်အသစ်မှာ မက္ကဆီကိုရဲ့ အဓိက ထောပတ်သီး တင်ပို့ရောင်းချသူများအသင်း APEAM နဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ လုံခြုံရေးကို ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာတော့ တာဝန်ရှိသူတွေက အတိအကျ မပြောထားပါဘူး။ လုံခြုံရေးအစီအစဉ်သစ်နဲ့ ပတ်သက်ပြီး APEAM က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
အထူးသဖြင့် ထောပတ်သီးဟာ တစ်နှစ်ကို ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ မက္ကဆီကို လယ်ယာပို့ကုန်ထဲမှာ ထိပ်တန်းဖြစ်ပြီး မကြာသေးခင်နှစ်တွေအတွင်း အမေရိကန် စားသုံးသူတွေအကြား ဝယ်လိုအားကလည်း တဖြည်းဖြည်း ကြီးထွားလာနေတာပါ။
မီချိုအကန်ပြည်နယ်ဟာ အမြတ်အစွန်းများတဲ့ စိုက်ပျိုးရေးကုန်သွယ်မှုကနေ အမြတ်ထုတ်ချင်တဲ့ အင်အားကြီး ရာဇ၀တ်ဂိုဏ်းတွေမှ ကျူးလွန်တဲ့ ငွေညှစ်ခြင်းတွေကိုလည်း နှစ်ပေါင်းများစွာ ရင်ဆိုင်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။
Source-Reuters