Home
မြန်မာသတင်း
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံထားရသူကို NUG တာဝန်မှ ယာယီရပ်ဆိုင်း
DVB
·
June 25, 2024

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ တိုင်ကြားခံထားရတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်မှ ယာယီရပ်ဆိုင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ဟာ လက်အောက်ဝန်ထမ်း အမျိုးသမီးတဦးကို လိင်အမြတ်ထုတ်မှုနဲ့ တိုင်ကြားခံထားရတဲ့ ကိစ္စအပေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ ချင်းအမျိုးသမီးအဖွဲ့အစည်းတွေ အပါအဝင် အမျိုးသမီးအဖွဲ့တွေက အရေးယူဆောင်ရွက်ပေးဖို့ NUG အစိုးရထံ တောင်းဆိုထားတာပါ။

ဒီတိုင်ကြားစာကိစ္စ ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်နေကြောင်းနဲ့ ဒီကာလမှာ ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နစ်နာသူအမျိုးသမီးက ချင်းတိုင်းရင်းသူဖြစ်ပြီး ဆလိုင်းအိုက်ဇက်ခင်ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တယ်လို့ နစ်နာသူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းထဲမှာ ဖြစ်တဲ့အတွက် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုမျိုး လုပ်ဆောင်စေချင်တယ်လို့ ချင်းအမျိုးသမီးအဖွဲ့အစည်းတွေကလည်း NUG ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

NUG ထံ အိတ်ဖွင့်ပေးစာ ပေးပို့တဲ့အထဲ ပါဝင်တဲ့ ချင်းအမျိုးသမီး အဖွဲ့အစည်း Latsinu Women Agency တာဝန်ရှိသူ Senri က “တော်လှန်ရေးထဲမှာ ပါဝင်နေသူအချင်းချင်း ဘာဖြစ်လို့ ကျား၊ မ ရေးရာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ဘာလို့ခံရတယ်ဆိုတဲ့ အဲဒီရှုထောင့်ကကြည့်ရင် တော်တော်ကို အော့နှလုံးနာစရာ ဖြစ်တယ်ပေါ့။ တော်လှန်သူအချင်းချင်း ရဲဘော်ရဲဘက်ဆိုတဲ့ ကာကွယ်စောင်မပြီး ရည်ရွယ်ချက်ချင်း အတူတူသွားကြရမှာကို ဒါ အမြတ်ထုတ်တာ ဖြစ်နေတဲ့အတွက် ချင်းလူမျိုးမဟုတ်လည်း တခြားသူတွေဆိုလည်း ကျမတို့ ရှုတ်ချမှာဖြစ်တယ်၊ social punishment ကောင်းကောင်းပေးဖို့လည်း လိုတယ်။ ပြီးတော့ ဒီဟာကို လုံးဝ အရေးယူဖို့ကိုလည်း NUG က သူ့လမ်းကြောင်းနဲ့ သူသွားမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုကျူးလွန်သူတွေက လုံးဝ မှတ်လောက်သားလောက်အောင် သင်ယူဖို့လည်း လိုအပ်တာကို ဒီလိုကြောင့် အိတ်ဖွင့်ပေးစာ ပေးပို့ရတဲ့အကြောင်းလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နစ်နာသူကို NUG အနေနဲ့ ကာကွယ်ဆောင်ရွက်ပေးဖို့၊ ပွင့်လင်းမြင်သာတဲ့ အရေးယူမှုတွေနဲ့အတူ တရားမျှတမှုဆောင်ရွက်ဖို့ စတဲ့အချက်လေးချက်ကိုလည်း အိတ်ဖွင့်ပေးစာထဲမှာ တောင်းဆိုထားပါတယ်။

အမျိုးသမီးတွေကို ဦးတည်ပြီး ကျား မ အခြေပြုကျူးလွန်မှုတွေကို တားမြစ်ဖို့ ရည်ရွယ်တဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB ကလည်း ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအသိုက်အဝန်းထဲမှာ ကျူးလွန်သူတွေက ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေတဲ့ ကိစ္စတွေ ထပ်မဖြစ်ဖို့နဲ့ ကျူးလွန်သူရဲ့ တာဝန်ယူ တာဝန်ခံမှုကို အဓိက တောင်းဆိုတယ်လို့ WLB ရဲ့ အထွေထွေအတွင်းရေးမှူး မနာင်းမို့မို့က ပြောပါတယ်။

“တော်လှန်ရေးကာလ ၃ နှစ်အတွင်းမှာ အာဏာပါဝါရှိတဲ့သူတွေက ကျူးလွန်ခဲ့တဲ့ကိစ္စတွေ အများကြီးရှိတယ်။ ရှိတဲ့အထဲမှာမှ တကယ့်ကို တရားမျှတမှုပေးတာရယ်၊ ကျူးလွန်တဲ့သူတွေ အပြစ်ပေး အရေးယူတာတွေက ပျက်ကွက်ခဲ့တာတွေ ရှိတယ်ပေါ့။ အဓိကကတော့ အမျိုးသမီးတွေကို ဦးတည်ပြီးတော့ ထိပါးနှောင့်ယှက်တာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေကို ကျမတို့ လုံးဝလက်မခံဘူး။ စစ်တပ်နဲ့ အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အစုအဖွဲ့တွေအနေနဲ့ ပြစ်ဒဏ်ပေးခြင်းက ကင်းလွတ်တဲ့အလေ့အထ system no impunity ကင်းလွတ်ခွင့်ပေးတဲ့ စနစ်ကို အဓိက မီးမောင်းထိုးပြချင်တာ ဖြစ်ပါတယ်။”

အဖြစ်မှန်ပေါ်ပေါက်ပြီး တရားမျှတမှု ဆောင်ရွက်နိုင်ရေးအတွက် NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနက အမှုကို လက်ခံဆောင်ရွက်နေပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ (Protection of Sexual Harassment, Exploitation and Abuse) PSHEA policy အရ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနက ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက DVB ကို ပြောပါတယ်။

“အိတ်ဖွင့်ပေးစာတွေ ကျမတို့ လက်ခံရရှိပါတယ်။ သူတို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဘက်ကတော့ ကျမတို့ဘက်ကို မှတ်တမ်းမှတ်ရာတွေ လွှဲပေးပြီးပြီပေါ့နော်။ ကျမတို့ဆီမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုင်ရာ ဥပဒေရှိတယ်လေ။ PSHEA policy လို့ခေါ်တယ်။ Protection of sexual Harassment, Exploitation and Abuse policy ပေါ့။ အဲဒါက ၂၀၂၂ ကတည်းက ကျမတို့ ပြဋ္ဌာန်းထားတာဖြစ်တယ်။ ဗဟိုကော်မတီထဲကနေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပြီးတော့ လုပ်နေပါတယ်။ ကျမတို့က အဲဒီလိုကိစ္စမျိုးတွေကို လက်ခံလို့မရဘူး၊ သည်းခံလို့မရဘူး။ လွန်ကျူးတဲ့သူတွေကို ခွင့်လွှတ်ပေးလိုက်ခြင်းအားဖြင့် ဆိုတဲ့သဘော သက်ရောက်တယ်။ အဲဒီအတွက် ကျမတို့ကတော့ ကျူးလွန်လည်း ကျူးလွန်တဲ့အ‌လျောက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

စွပ်စွဲခံထားရတဲ့ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကိုတော့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သိလိုတာတွေကို DVB က မေးခွန်းပေးပို့ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားလာတာ မရှိသေးပါဘူး။

သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ “လက်ရှိဖြစ်​ပေါ်​နေသည့် သတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအ​နေဖြင့် မိမိထံ တိုက်ရိုက်ဆက်သွယ်​ မေးမြန်းနိုင်ပါ​ကြောင်းနဲ့ လေးစားစွာ အပြည့်အဝ ပူး​ပေါင်း​ဆောင်ရွက်သွားပါမည်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

နစ်နာသူဟာ ဝန်ကြီးဌာနမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး အထက်လူကြီးရဲ့ လိင်အမြတ်ထုတ်မှု ခံခဲ့ရတာကို တိုင်တန်းခဲ့ရာမှာ အလုပ်ထုတ်ခံခဲ့ရတဲ့အတွက် မကျေနပ်ကြောင်းနဲ့ ကိုယ်တိုင် အလုပ်ထွက်ကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်မှာ ဧပြီလက တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးအဖွဲ့တွေက NUG အစိုးရကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013