ဟော်လန် (နယ်သာလန်) အသင်းကို ဝေဖန်မှုတွေအပေါ် နားလည်လက်ခံကြောင်း အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်က ပြောသွားပါတယ်။
ဟော်လန်အသင်းဟာ ယူရိုအုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ ပိုလန်ကို အနိုင်ရ၊ ပြင်သစ်နဲ့ ဂိုးမရှိ သရေကျပြီး ဩစတြီးယားကို ရှုံးနိမ့်ခဲ့တာပါ။
ပြင်သစ်နဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မူ ၃၇ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၁၉၈၀ ယူရိုနောက်ပိုင်း ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံး ယူရိုပွဲစဉ် ဖြစ်ခဲ့တာပါ။
အသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ လူတိုင်းက သူ့အမြင်သူ ပြောပိုင်ခွင့်ရှိပြီး ဝေဖန်မှုတွေအပေါ် စိတ်အနှောင့်အယှက်ဖြစ်စရာမရှိကြောင်း ပြောပါတယ်။
ဒါ့အပြင် ပြင်သစ်နဲ့ပွဲစဉ်အပြီးမှာ ပိုမိုတိုးတက်လာဖို့ လိုအပ်တယ်ဆိုတာ ကစားသမားအားလုံးက သိရှိ နားလည်ထားပြီး ပြင်သစ်နဲ့ပွဲစဉ်ကထက် ပိုကောင်းဖို့ ကြိုးပမ်းသွားရမှာဖြစ်တယ်လို့ ဗန်ဒိုက်က ပြောသွားပါတယ်။
ဟော်လန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာလည်း သြစတြီးယားအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အကောင်းဆုံးအုပ်စု တတိယရတဲ့အသင်းအဖြစ် နောက်တဆင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။