Home
မြန်မာသတင်း
မတ္တရာတွင် စစ်တပ်က ဗုံးကြဲ၊ ကျောက်တံခါး၌ လက်နက်ကြီးကျည် ကျသဖြင့် ပြည်သူ ၁ ဦး သေဆုံး
DVB
·
June 25, 2024

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာအနီးကို စစ်ကောင်စီတပ်က ဒီနေ့ ဇွန် ၂၅ ရက် မနက် ၈ နာရီ ၁၂ မိနစ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မနက်ခင်း ၈ နာရီတကြိမ်၊ ၈ နာရီခွဲအချိန်မှာ MI 17 နဲ့ ဂျက်ဖိုက်တာ စုစုပေါင်း ၃ စင်းနဲ့ ထပ်မံတိုက်ခိုက်တယ်ဗျ။ နေ့ခင်း ၁၂ နာရီကျော်မှာ တကြိမ် ထပ်မံလာတိုက်ခိုက်တယ်။ ဘာလို့ အခုလို သဲသဲမဲမဲ တိုက်နေရတာလဲ ဆိုတာကတာ့ ကျနော်တို့ရွာအနီးက စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးက ဝင်တိုက်ပြီး စခန်းရှုံးပြီး သူတို့ဘက်က အကျအဆုံးရှိနေလို့ အခုလို တိုက်နေတာဗျ။”

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို မတ္တရာမြို့ အရှေ့မြောက်ဘက် ဆည်တော်ကြီးရွာနဲ့ အင်ကြင်းမြိုင်ရွာအနီး ဆည်တော်လေး လမ်းတလျှောက်ကို ပစ်ခတ်တာလို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတဦးက “စကစ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်တိုက်လို့ လေကြောင်းရန်ကာကွယ်ရေးစခန်း ကျသွားပြီလို့ သိထားရတယ်။ လက်နက်အမြောက်အမြားလည်း သိမ်းဆည်းရထားတယ်။ စကစ သုံ့ပန်း ၆၀ ကျာ် အရှင်ဖမ်းမိထားတယ်။ အသေးစိတ်ကတော့ စစ်ဒေသက ထုတ်ပြန်ပါလိမ့်မယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း အရပ်သားတွေ ပိတ်မိသူတွေလည်းရှိနေကာ မြေပြင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေတာကြောင့် ဖြစ်စဉ်အသေးစိတ်ကို DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဘက်ကလည်း စခန်းပြန်ရရေးအတွက် မတ္တရာမြို့ဘက်ကနေ စစ်ကားတွေနဲ့ စစ်ကူဖြည့်တင်းနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့မှာလည်း ဒီနေ့ ဇွန် ၂၅ ရက် မနက်အစောပိုင်းက လူနေအိမ်တလုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

Photo - ဒေသခံတဦး

ကျောက်တံခါးမြို့၊ စျေးပိုင်းရပ်ကွက်၊ ၃ လမ်းရှိ နေအိမ်တလုံးပေါ်ကို ဒီနေ့မနက် ၁ နာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာက နေအိမ်အတွင်း အိပ်ပျော်နေတဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့ပြီး အသက် ၅၇ နှစ်အရွယ် ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့​တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“မနက်က အစောကြီး မြို့ပြင်စစ်ဆေးရေးစခန်းနားဘက်က ပစ်ခတ်သံတွေ ကြားနေရတာ။ ဦးဝင်းဦးတို့ အိမ်ပေါ်ကို လက်နက်ကြီးကျည် ကျသွားလို့ သူကတော့ ပွဲချင်းပြီးသေတယ်။ သူ့မိန်းမကတော့ လက်မောင်းမှာ ဒဏ်ရာရတာပေါ့။”

လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၄ နှစ်အရွယ် ဦးဝင်းဦးမှာ ဦးခေါင်းနောက်စေ့ပွင့်ထွက် ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၅၇ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်လှလှသန်း (ခ) ပူစူးမမှာ လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တာကြောင့် ကျောက်တံခါးဆေးရုံမှာ တင်ပို့ကုသထားကြောင်း သိရပါတယ်။

အဲဒီပစ်ခတ်မှုဟာ KNU နဲ့ ပူးပေါင်းအဖွဲ့တွေက ကျောက်တံခါးမြို့ပြင်ရှိ ရွှေဘုန်းတိုး စစ်ဆေးရေးစခန်းကို လာရောက်တိုက်ခိုက်ခဲ့ရာက နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကြား အခုလပိုင်းအတွင်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် ဒေသခံသေဆုံးမှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013