Home
မြန်မာသတင်း
ရှမ်းမြောက်တွင်တိုက်ပွဲများပြန်ဖြစ်၊ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြီလား
DVB
·
June 25, 2024

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဇွန် ၂၅ ရက်မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။

တရုတ်ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ စစ်ကောင်စီတပ်နဲ့ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သဘောတူထားတဲ့ ဟိုဂင်သဘောတူညီချက် ၅ လကျော်လာချိန် ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့နယ်ဘက်မှာ သေနတ်သံတွေ ပြန်ကြားလာရတာပါ။

ဇွန်လဆန်းပိုင်းကတည်း စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံး၊ ဒဏ်ရာရခဲ့တဲ့အပြင် ရဲဘော် ၃ ဦးကျပြီး ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့  TNLA က ထုတ်ပြန်အပြီး ဇွန် ၂၅ ရက်မှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။

PSLF/TNLA ပြောခွင့်ရသူ ဗိုလ်ယေအူးက “ဒီမနက် ၅ နာရီခွဲဝန်းကျင်မှာပေါ့နော်၊ နောင်ချို-အုမ္မသီးလမ်းခွဲမှာ ကျမတို့ စစ်ကောင်စီနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ၆ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီနဲ့ ‌ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပြီးတော့ နောင်ချိုဘက်မှာကျတော့ ကျောက်ကြမ်းကျေးရွာဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့မနက်တိုက်ပွဲကတော့ စစ်ကောင်စီတပ်က ကျမတို့ရှိရာဆီ ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပါတယ်။ လက်ရှိ လူထုကိုပြောချင်တာက ဒီအချိန်မှာ စစ်ရေးသတိရှိဖို့လိုတယ်။ အသွားအလာတွေ ဂရုစိုက်ဖို့လိုတယ်။ နောက်တခုက လုံခြုံရေး၊ ကိုယ့်ရဲ့လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ထားဖို့ ပြောကြားလိုပါတယ်”လို့ ပြောပါတယ်။

ကျောက်မဲမြို့နယ်မှာဆို တိုက်ပွဲတွေက မြို့ထဲအထိ ရောက်လာခဲ့လို့ သေနတ်သံတွေကို အနီးကပ်ကြားနေရပြီး ဘယ်သူမှအပြင်မထွက်ရဲတာကြောင့် ခြောက်ကပ်နေပြီလို့ မြို့ခံတယောက် က ပြောပါတယ်။

အလားတူ နောင်ချိုမြို့နယ်ထဲမှာလည်း စစ်တပ်က လေယာဉ်တွေထုတ်သုံးရတဲ့အထိ တိုက်ပွဲပြင်းထန်နေပြီး ဇွန် ၂၅ ရက်နေ့ မနက် ၁၀ နာရီလောက်ကစလို့ မိုးကုတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲသံတွေကြားနေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ရေးထိုးခဲ့ကြတဲ့ ဟိုက်ဂင်သဘောတူညီချက်ထဲမှာ တပ်စခန်းတွေကို ထိုးစစ်မဆင်ဖို့၊ ထိန်းချုပ်နေရာတွေကို လက်နက်ကြီးမပစ်ခတ်ဖို့တွေ ပါတာကြောင့်  ဒီသဘောတူညီချက်က အခုချိန်မှာ ခိုင်မာသေးပါရဲ့လား။

တအာင်းနိုင်ငံရေးလေ့လာသူ ဆိုရ်ဒေါင်းက “စစ်ကောင်စီရဲ့ တဖက်သတ်ရန်စနေခြင်းကို တရုတ်က ဟန့်တားနိုင်ခြင်းမရှိဘူး။ ဒီဟိုက်ဂင် သဘောတူညီချက်ကတော့ စစ်ကောင်စီအတွက် ထွက်ပေါက်ရဖို့အတွက် အသက်ရှူပေါက်ရဖို့လုပ်တဲ့ သဘောတူညီမှုလို့ပဲ ကျနော်တို့ နားလည်တယ်ပေါ့လေ။ ဒါကြောင့် စစ်ကောင်စီအကြိမ်ကြိမ် စာချုပ်ပါ အချက်အလက်ကို ဖောက်ဖျက်တာ တရုတ်က ဘာမှမပြောဘူးဆိုရင် ဒါက ဟန်ပြသက်သက်လို့ ကျနော်တို့ အမြဲတမ်းသုံးသပ်တယ်။ ဒါကြောင့် အချိန်မရွေး ကျိုးပေါက်နိုင်တယ်၊ ဒီမနက်တောင်မှ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတယ်လို့ ကြားတယ်။ ဒါကတော့ တရုတ်လုပ်တဲ့ဟာက တရုတ်ထုတ်ကုန်ပစ္စည်းလို့ပဲ အကြာကြီးခံတဲ့ အမျိုးတွေ မဟုတ်ဘူးပေါ့လေ။ ကျနော်တို့ ဒီလိုပဲ နားလည်ပါတယ်ခင်ဗျ” လို့ သုံးသပ်ပါတယ်။

ဟိုက်ဂင်သဘောတူညီချက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က သဘောတူထားတာပါ။

အဲဒီနောက်ပိုင်း မူဆယ်၊ ကျောက်မဲ၊ လားရှိုးမြို့နယ်တွေကို စစ်ကောင်စီတပ်က တပ်အင်အား၊ လက်နက်၊ ရိက္ခာတွေ ဖြည့်တင်းနေခဲ့တာကြောင့် ရှမ်းမြောက်မှာ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တဖက်မှာလည်း TNLA ဘက်က ဟိုက်ဂင်ပျက်၊ မပျက်ကို မှတ်ချက်မပေးတာကြောင့် ကျောက်မဲ၊ လားရှိုးလိုမျိုး အခိုင်အမာစခန်းတွေကို ထိုးစစ်ဆင်လာပြီဆိုရင်တော့ တဖွဲ့တည်းမဖြစ်နိုင်တော့ဘဲ ယာယီအပစ်ရပ်မှုပါ ပျက်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

ဦးသန်းစိုးနိုင်က “အခုကတော့ ဒေသတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ချင်းစီရဲ့ သူတို့ဒေသတွင်း သူတို့ပြည်နယ်ခွဲအတွင်းမှာ လွတ်မြောက်ရေးလှုပ်ရှားမှုကို အဆုံးသတ်တဲ့အဆင့်ပဲရှိပါသေးတယ်။ ပြန်လှန် ထိုးစစ်ဆင်တဲ့အထိတော့ မရောက်သေးဘူးလို့ ပြောနိုင်ပါတယ်ခင်ဗျ”လို့ ပြောပါတယ်။

အခုတိုက်ပွဲထဲ စခန်းသိမ်းနိုင်မှုနဲ့ ထိခိုက်မှုအခြေအနေတွေကို TNLA က ထုတ်မပြောသေးပေမဲ့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး- (DPLF/DPLA) နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်- MDY PDF တပ်တွေက ပါဝင်တိုက်ခိုက်နေကြောင်း အသိပေးထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီး သေနတ်သံပြန်ကြားရတဲ့ ဇွန် ၂၅ ရက်၊ တရက်တည်းမှာတင် နောင်ချိုနဲ့ ကျောက်မဲမှာ အနည်းဆုံးအရပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်သူတွေလည်းရှိထားကြောင်း DVB က စုံစမ်းရရှိထားပါတယ်။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024