Home
မြန်မာသတင်း
ရန်ကုန်ရှိ စူပါမားကတ်များတွင် ဆန်အရောင်းပိတ်ထား၊ ဆန်ပွဲရုံအချို့ သတ်မှတ်ဈေးနှုန်းဖြင့် ဆန်ရောင်း
DVB
·
June 25, 2024

စစ်ကောင်စီက ဆန်ရည်ညွှန်းသတ်မှတ်ဈေးထုတ်ပြန်ကာ ဆန်စပါးလုပ်ငန်းရှင်တွေကို ထိန်းသိမ်းပြီးတဲ့နောက် ရန်ကုန်မြို့ရှိ စူပါမားကတ်အသီးသီးမှာ ဆန်အရောင်းပိတ်ထားပြီး ဆန် လာရောက်ဝယ်သူတွေ အခက်အခဲဖြစ်ခဲ့ပါတယ်။

ပုဇွန်တောင်၊ စက်ဆန်းက မက်ခရိုဈေးဝယ်စင်တာမှာ ဆန်လာဝယ်သူ အမျိုးသမီးတဦးက စင်တာ အနောက်ဘက်တန်းက ဆန်အရောင်းစင်တွေမှာ ဆန်ဝယ်ဖို့အတွက် ဆန်မတွေ့ပုံကို အခုလို ပြောပါတယ်။

“အပြင်မှာတော့ မရှာရသေးဘူး။ ဟိုတခေါက်က ပြီးခဲ့တဲ့လက အစ်မဒီမှာ ဆန်ဝယ်ရတာ ကောင်းတော့ ဆန်နှစ်မျိုးကို ရောလိုက်ရင်လေ၊ တောင်ပျံရှယ် အဲ့ဒါရယ်၊ နှစ်မျိုးရောစားလိုက်ရင် ဆန်လည်း စားလို့ကောင်းတယ်၊ အပြင်ထက်လည်း သက်သာတယ်။ နှစ်ခုကို ရောလိုက်ရင်လေ။ ဈေးကြီးတာနဲ့ နည်းနည်းသက်သာတာနဲ့ အဲ့ဒါနဲ့အခု ပြန်လာရှာတာ မရှိတော့ဘူး။ ဒီမှာ ရှိမှာပဲ ဆိုပြီးတော့ ပြေးလာတာ။ မရရင်တော့ ဈေးမှာပဲ ပြန်ဝယ်ရမှာပေါ့။”

ဇွန်လအတွက် စစ်ကောင်စီ ဩဇာခံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်လိုက်တဲ့ ဆန်ရည်ညွှန်းဈေးမှာ ဈေးဝယ်စင်တာတွေ အများဆုံးတင်လေ့ရှိတဲ့ ရွှေဘိုပေါ်ဆန်း အိတ်အသေးတွေရဲ့ တတင်းခွဲဈေးနှုန်းက ကျပ် ၂ သိန်းကျော်မှာရှိနေပြီး သတ်မှတ်ထားတဲ့  တတင်းခွဲ ဆန်တအိတ် ရည်ညွှန်းဆန်ဈေးထက် ၂၀ ရာခိုင်နှုန်းပိုနေတဲ့အပြင် ကျပ် ၃၀၀၀၀ ကျော် ထပ်မံဈေးပိုနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဈေးဝယ်စင်တာ အားလုံးနီးပါးရှိ ဆန်အိတ်တွေကို သိမ်းဆည်းထားပြီး ဆန်တွေ ဘယ်တော့ပြန်ရောင်းနိုင်မယ်ဆိုတာကတော့ ဈေးဝယ်စင်တာ အသီးသီးက ထုတ်ပြန်ခြင်း မရှိပါဘူး။

သင့်တင့်မျှတတဲ့ ဈေးကွက်ဈေးနှုန်းနဲ့ လုပ်သားပြည်သူ‌တွေကို စဉ်ဆက်မပြတ် ဆန်ရောင်းချပေးနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၄ ရက်က ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဆန်ပွဲရုံအချို့က စစ်ကောင်စီ သတ်မှတ်တဲ့ ဈေးနှုန်းနဲ့ ဒီကနေ့ စတင်ရောင်းချပေးလာတာ တွေ့ရပါတယ်။

ဆန်ပွဲရုံလုပ်ငန်းရှင်တဦးက “အထူးရည်ညွှန်းဈေးနဲ့ လူတဦးကို တအိတ်နှုန်း ရောင်းပေးမှာပါ။ ဒီနေ့တရက်တည်း ရောင်းမှာမဟုတ်ပါဘူး။ ဆက်တိုက်ရောင်းပေးမှာပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားတဲ့ ဇွန်လအတွက် သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်းတွေက အလေးချိန် ၁၀၈ ပေါင် (၂၄ ပြည်) ဆန်တအိတ်ကို ဧည့်မထအုပ်စု ၂၅ မှတ် (အကျိုးအကြေ ၂၅ ရာခိုင်နှုန်း) ဆန်အတွက် ၇၀,၀၀၀ ကနေ ၇၂,၀၀၀ ကျပ်၊ ၁၅ မှတ် (အကျိုးအကြေ ၁၅ ရာခိုင်နှုန်း) ဆန်အတွက် ၇၂,၀၀၀ ကနေ ၇၅,၀၀၀ ကျပ်အတွင်း၊ ၁၀-၅ မှတ် (အကျိုးအကြေ ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း) ဆန်အတွက် ၇၅,၀၀၀ ကနေ ၇၈,၀၀၀ ကျပ်အတွင်း သတ်မှတ်ပေးထားပါတယ်။

ဧရာမင်းဆန်၊ ဧရာပဒေသာ (အကျိုးအကြေ ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း) ဆန်တအိတ်ကို ၉၅,၀၀၀ ကနေ ၁၀၀,၀၀၀ ကျပ်အတွင်း၊ ရက် ၉၀၊ ပခန်း၊ အညာသားနဲ့ အထူးဧည့်မထ အုပ်စု‌အတွက် (အကျိုးအကြေ ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း) ဆန်တအိတ်ကို ၈၅,၀၀၀ ကနေ ၉၀,၀၀၀ ကျပ်အတွင်းသာ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ဧရာဝတီပေါ်ဆန်းနဲ့ အခြားပေါ်ဆန်း ၁၀-၅ မှတ် (အကျိုးအကြေ ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း) ဆန်တအိတ်ကို ၁၀၀,၀၀၀ ကနေ ၁၂၀,၀၀၀ ကြား၊ ရွှေဘိုပေါ်ဆန်း ၁၀-၅ မှတ်ဆန် (အကျိုးအကြေ ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း) တအိတ်ကို ၁၃၅,၀၀၀ ကနေ ၁၄၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ မြေပြင် လက်လီဈေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်း ဆန်အဟောင်းတအိတ်ကို ကျပ် ၁၉၀,၀၀၀ ကျော်၊ ဆန်ကြမ်းတအိတ်ကို ကျပ် ၁၀၀,၀၀၀ ဝန်းကျင်ထိ ဈေးပေါက်နေတာပါ။

ရန်ကုန်မြို့က ဆန်လက်လီရောင်းချသူတဦးက “လက်လီဈေးကွက်မှာတော့ အရင်ဈေးပါပဲ။ မကျ‌သေးပါဘူး။ ဘုရင့်နောင်နဲ့ ဝါးတန်း ကုန်စည်ဒိုင်မှာပဲ ဈေးချရောင်းပေးနေတာပါ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆန်ဈေးနှုန်း ကြီးမြင့်လို့ဆိုပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ အပါအဝင် ဆန်ကုန်သည်တချို့ကို စစ်ကောင်စီက ခေါ်ယူစစ်‌ဆေးခဲ့ပြီး ဆန်ပွဲရုံ တချို့ကိုလည်း ချိပ်ပိတ်ခဲ့ပါတယ်။

အဲဒီနောက် ဝါးတန်းကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွေမှာ ဇွန် ၂၄ ရက်ကစပြီး မနက် ၉ နာရီခွဲကနေ ညနေ ၃ နာရီခွဲအထိ ဧည့်မထဆန်တပြည်ကို ၃,၀၀၀ ကျပ်၊ ပေါ်ဆန်းဆန်တပြည်ကို ၅,၀၀၀ ကျပ်နဲ့ ရောင်းချပေးမယ်လို့ အသင်းချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဆန်အိတ်လိုက်ဝယ်ယူလိုသူတွေအတွက်လည်း အိမ်ထောင်စုတစုကို တလအတွက် ပေါ်ဆန်း အမျိုးအစား ဆန်အိတ်တအိတ်၊ ဧည့်မထအမျိုးအစား ဆန်အိတ်တအိတ်စီကို ပေါက်ဈေးထက်သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ ဆန်ကုန်သည်တွေကို ခေါ်ယူထိန်းသိမ်းပြီး အခုလို ဈေးချရောင်းခိုင်းတာက ရေရှည်အတွက် အဖြေမဟုတ်ဘူးလို့လည်း ထောက်ပြ ပြောဆိုတာတွေ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013