ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ သိုလှောင်ရုံ ဖောက်ထွင်းလုယက် မီးရှို့ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ပဋိပက္ခမှာ ပါဝင် ပတ်သက်သူအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန် ဝတ္တရားတွေကို လိုက်နာဖို့ WFP က တောင်းဆိုလိုက်ပါတယ်။
မောင်တောမြို့ရှိ WFP ရဲ့ စားနပ်ရိက္ခာသိုလှောင်ရုံဟာ ပြီးတဲ့ စနေနေ့ ဇွန် ၂၂ ရက်က ဖောက်ထွင်းလုယက် မီးရှို့ဖျက်ဆီးခံရတာဖြစ်ကြောင်း WFP ရဲ့ ဒီကနေ့ ဇွန် ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မောင်တောမြို့ရှိ WFP သိုလှောင်ရုံဟာ လူဦးရေ ၆၄,၀၀၀ အတွက် တလစာဖူလုံစေမယ့် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန် သိုလှောင်ထားတာဖြစ်ပြီး အဆိုပါ သိုလှောင်ရုံကို WFP ဝန်ထမ်းတွေအနေနဲ့ မေလနှောင်းပိုင်းကစပြီး သွားရောက်နိုင်ခြင်းမရှိခဲ့ကြောင်း ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
မောင်တောမြို့ရှိ WFP သိုလှောင်ရုံကို စစ်ကောင်စီတပ်က ကားတွေနဲ့လာသယ်ပြီးတော့ အပေါ်ကနေ မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသလို WFP ထုတ်ပြန်ချက်မှာလည်း ဘယ်သူက လုပ်ဆောင်တယ်ဆိုတာ ဖော်ပြခြင်း မရှိပါဘူး။
အာရက္ခတပ်တော် (AA) ကတော့ ဇွန်လ ၂၁ ရက်၊ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ သင်တန်းပေးထားတဲ့ လက်နက်ကိုင် မွတ်စလင်တွေ ပူးပေါင်းပြီး မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်တွေနဲ့ လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဗွီဒီယိုမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ တောင်းဆိုလိုက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံပစ္စည်းနဲ့ အဆောက်အဦတွေကို လေးစား ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး အကူအညီအရေးတကြီးလိုအပ်နေတဲ့သူတွေဆီကို အရေးပေါ် ကယ်ဆယ်ရေးအကူအညီတွေကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားလာပေးအပ်နိုင်ဖို့ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ဟာ မြန်မာနိုင်ငံအနှံ့ရှိ ပဋိပက္ခဒဏ်ခံစားနေရသူတွေကို အရေးပေါ် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာတွေကို ကူညီထောက်ပံ့နေတာဖြစ်ပြီး လူဦးရေ ၁ သန်းနီးပါးကို ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။