မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာ၊ လယ်ကြီးကျေးရွာနဲ့ မိုင်းလုံမြို့နယ် ပိန်းအင်ကျေးရွာတို့ကို ဇွန် ၂၄ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောက်တလုံးရွာက ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့နယ် အနီးနားကျေးရွာနေ ဒေသခံတဦးက “မနေ့ညက အိပ်တောင်မအိပ်သေးဘူး၊ လေယာဥ်နဲ့လာကြဲတာ၊ စုစုပေါင်း ၁၁ လုံးကြဲတယ်။ ကျောက်တလုံး၊ ပိန်းအင်၊ လယ်ကြီးရွာတွေမှာ ကျတယ်။ ကျောက်တလုံးက လူနေအိမ်ပေါ်ကျပြီး မိသားစုလိုက် ထိထားတယ်။ တယောက်က ခြေထောက်ပြတ်ထွက်သွားတဲ့ ဒဏ်ရာနဲ့ ဆွဲထုတ်ချိန်မှာ ဆုံးသွားတယ် ပြောကြတယ်။ နောက်ထပ်တယောက် သေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် လေယာဥ်နဲ့ ဗုံးကြဲတာကြောင့် ကျောက်တလုံးကျေးရွာ နေအိမ်ပေါ်ကျပြီး မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ရာက အဘွားအိုတဦး၊ အမျိုးသမီးတဦး သေဆုံးပြီး ဒဏ်ရာရသူ ၂ ဦးက မိုင်းလုံမြို့ဆေးရုံမှာ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ပိန်းအင်ကျေးရွာနဲ့ လယ်ကြီးကျေးရွာတို့မှာလည်း ပြည်သူထိခိုက်မှု ရှိခဲ့ပေမဲ့ ဖုန်းလိုင်း ဆက်သွယ်မရသေးတာကြောင့် အတည်မပြုနိုင်သေးပါဘူး။
ဒေသခံတဦးက “ညက ဖုန်းလိုင်းတွေ အကုန်ဖြတ်ပြီးမှ လေယာဥ်လာကြဲသွားတာ။ ထိတဲ့သူတွေ ရှိတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဥ်လာကြဲတာ” လို့ ပြောပါတယ်။
မိုးကုတ်မြို့ပေါ်မှာလည်း ဇွန် ၂၄ ရက် ညပိုင်းက လေယာဥ်တွေ နိမ့်နိမ့်ဝဲခဲ့ပြီး လက်နက်ကြီးတွေလည်း မြို့ပြင်ကျေးရွာတွေဘက်ကို အဆက်မပြတ် ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ဒေါ်နန်းကြည်တောင် အနောက်ဘက် ဘားဂါးကျေးရွာနားမှာလည်း ဇွန် ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်က ပစ်ခတ်သံတွေ ကြားနေရပြီး ချောင်းကြီးတံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ်၊ တောင်နီကျေးရွာမှာလည်း ဇွန် ၁၉ ရက်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် အရပ်သားပြည်သူတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ကျေးရွာကိုလည်း စစ်တပ်က ဇွန် ၂၀ ရက်မှာ လေယာဥ်နဲ့ ဗုံးကြဲတာကြောင့် ဟိုဝိတ်ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာမှာလည်း ဇွန် ၂၅ ရက် မနက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်ရေးတပ် (KIA) ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ဟာ ဆိုင်းတောင်ကျေးရွာအတွင်း ဝင်ရောက်လာစဉ် KIA ပူးပေါင်းတော်လှန်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက်အစော ၅ နာရီလောက်က အင်အားက ၅၀ လောက်ရှိမယ်။ တပ်မကုန်းဘက်ကနေ ဆိုင်းတောင်ဘက် ဆင်းလာတာ။ အဲဒါ အမှတ် ၃ ရပ်ကွက် အရောက်မှာ KIA, PDF တွေနဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တယ်။ အဲဒါ တိုက်ပွဲဖြစ်နေတုန်း ဖားကန့်ဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ နေအိမ်အဆောက်အဦတချို့ ပျက်စီးသွားတယ်၊ လူတော့ ထိခိုက်မှုမရှိဘူး” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမှတ် ၃ ရပ်ကွက်ရှိ gym ခန်းမ ပျက်စီးခဲ့ကာ ဆိုင်းတောင်တံတားအနီး ဆေးဆိုင်ခြံဝန်းအတွင်းလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေ ၄ ရက်ကလည်း စစ်ကောင်စီတပ် ဗျူဟာကုန်းကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဆိုင်းတောင်ကျေးရွာ အမှတ် ၂ ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်တလုံး ပျက်စီးကာ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ပါတယ်။