ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့ပေါ်တွေမှာ တာဝန်ကျနေတဲ့ Non CDM ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတွေဘက်တွေကို ပြောင်းရွှေ့ခိုင်းနေတယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။
လက်ရှိ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဒေသအတော်များများမှာ စာသင်ကျောင်းတွေ ပိတ်ထားရပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေမှာလည်း မြို့ပေါ်တွေလောက်သာ ကျောင်းဖွင့်နိုင်တယ်လို့ သိရပါတယ်။
AA သိမ်းပိုက်ထားနိုင်တဲ့ မြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေရဲ့ ဆရာ၊ ဆရာမတွေဟာ လစာမရတာ ၃ ကျော်လောက်ရှိနေပြီး လစာလိုချင်တယ် ဆိုပါက နယ်မြေတည်ငြိမ်တဲ့ ဒေသတွေဘက်ကို အပြောင်းအရွှေ့တင်ပြီး နေရာရွှေ့ပြောင်း တာဝန်ထမ်းဆောင်ကြဖို့ အကြောင်းကြားထားတယ်လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက အရာရှိတဦးက ပြောပါတယ်။
“တရားဝင်ညွှန်ကြားချက်တော့ မဟုတ်ဘူး။ ဆရာ၊ ဆရာမတွေရဲ့ ဖုန်းကိုဆက်ပြီး အကြောင်းကြားတာ၊ ရန်ကုန်ဘက်ကို ပြောင်းလာတဲ့သူတွေလည်း ရှိတယ်။ အစက သံတွဲဘက် မပါဘူး။ အခု သံတွဲဘက်က ဆရာ၊ ဆရာမတွေနဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်။ ကျောင်းလည်းဖွင့်နိုင်မှာ မဟုတ်လောက်ဘူး။”
AA သိမ်းပိုက်ထားတဲ့ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့တို့ကို သိမ်းပိုက်ထားပြီး အဲဒီနေရာက ကျောင်းတွေလည်း အခုပညာသင်နှစ်မှာ ဖွင့်လှစ်နိုင်တာမျိုး မရှိပါဘူး။
စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ ကျောက်ဖြူလိုမြို့မှာလည်း မြို့ပေါ်လောက်သာ ကျောင်းဖွင့်နိုင်ပြီး တခြားကျေးရွာဘက်က ကျောင်းတွေကတော့ မဖွင့်လှစ်နိုင်သေးပါဘူး။
ကျောက်ဖြူမြို့နယ်၊ ကင်းပင်လယ်နားကျေးရွာက ကျောင်းဆရာက “မြို့ပေါ်က ကျောင်းတွေလည်း ဘယ်အချိန်ထိ ဆက်ဖွင့်နိုင်မလဲ မသိဘူး။ မြို့ပေါ်က အ.ထ.က ကျောင်း ၃ ကျောင်းနဲ့ တချို့ မူ/လယ်ကျောင်း နည်းနည်းပဲ ဖွင့်နိုင်တယ်။ တိုက်ပွဲတွေက ကျောက်ဖြူအထိ ကပ်လာတော့ မိဘတွေလည်း ကျောင်းမလွှတ်ရဲကြဘူး။ ကျနော်တို့ဆိုရင်လည်း ကျောင်းမတက်ရဘူး။ ဘာညွှန်ကြားချက်မှလည်း မရှိဘူး”လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှု ကျယ်ပြန့်လာတာနဲ့အမျှ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်တာ တဖြည်းဖြည်း နည်းပါလာပြီး ပညာသင်ခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား ကျောင်းသူတွေကို ဒေသတချို့မှာ ကိုယ်ထူကိုယ်ထ ပြည်သူ့ အခြေပြုစာသင်ကျောင်းတွေ ဖွင့်လှစ် ပညာသင်ကြားပေးနေပေမဲ့ ရခိုင်ပြည်နယ်မှာတော့ ဒီလိုမျိုးအခြေအနေတွေ မရှိသေးပါဘူး။