မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း လောကဟိတ ပရဟိတသမား ၃ ဦး မိုးကုတ်မြို့အရှေ့ပိုင်း ပြည်သူ့ဆေးရုံကို လူနာသွားပို့ပြီး အပြန်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ရက်ချရပ်ကွက်က ဒဏ်ရာရ လင်မယား ၂ ဦးကို လောကဟိတ ပရဟိတကားနဲ့ ဆေးရုံပို့ဆောင်ပြီး အပြန်မှာ ပျောက်ဆုံးနေတာဖြစ်ပြီး ပရဟိတကားကို မိုးကုတ်မြို့အနောက်ပိုင်းက သဲရပ်ကွက်နားမှာ ရပ်ထားတာ တွေ့ရတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
နီးစပ်သူတဦးက “မနေ့က လင်မယားနှစ်ယောက်ပို့ပြီး အပြန် ညပြန်မလာလို့ လိုက်စုံစမ်းတာ၊ ဆေးရုံမှာလည်း မရှိဘူး၊ ဖမ်းထားလားဆိုတော့လည်း မရှိဘူး၊ ခု စုံစမ်းလို့မရဘူး၊ ညဘက်ပြန်မလာမှ ပျောက်နေမှန်းသိတာ၊ ခုသိရသလောက်ဆို စစ်တပ်က စစ်ဆေးမေးမြန်းပြီး ပစ်သတ်လိုက်တယ်လို့တော့ ကြားထားရတယ်” လို့ ပြောပါတယ်။
လောကဟိတ ပရဟိတသမား လူငယ် ၃ ဦး ပစ်သတ်ခံထားရတာဖြစ်ပြီး ရုပ်အလောင်းကိုလည်း အခုထိ မတွေ့ရသေးပါဘူး။
ပရဟိတကားအနီးမှာ သွေးအိုင်တွေကို မြင်ရတဲ့အပြင် ကားဘီးတွေလည်း ပေါက်နေတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာ ဇွန် ၂၅ ရက် မနက်အစောပိုင်းက စတင်ပြီး ဒေါ်နန်းကြည်တောင်နဲ့ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပြီး မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်က စစ်သားတွေ ကင်းလှည့်နေတယ်လို့ သိရပါတယ်။