ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇွန် ၂၅ ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကုန်စုံဆိုင်တဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
ဖားကန့် ဗျူဟာကုန်းကနေ ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် လုံးခင်းကျေးရွာရှိ ကားဆိုင်ကယ် အပိုပစ္စည်းနဲ့ ကုန်စုံအရောင်းဆိုင်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
"ပစ်တာကတော့ တနေ့လုံး သေနတ်သံတွေလည်းကြားရတယ်။ လက်နက်ကြီးသံတွေလည်းကြားရတယ်။ ညနေ ၆ နာရီလေါက်က ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ လုံးခင်းက ကုန်စုံဆိုင်ပေါ်ကျပြီး မီးလောင်သွားတယ်။”
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဆွေးလုကုန်စုံဆိုင် မီးလောင် ပျက်စီးခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအဖွဲ့တွေက မီး ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြပါတယ်။
ဇွန် ၂၅ ရက်မနက်ပိုင်းကလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) တို့ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် gym ခန်းမ ထိခိုက်ပျက်စီးပြီး ဆိုင်းတောင် တံတားအနီး ဆေးဆိုင်ခြံဝင်းမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ ပါတယ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာလည်း KIAနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လှည့်လည် ပစ်ခတ်နေကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်က ဇွန် ၂၄ ရက် ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နားခါးကျေးရွာရှိ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတဦး သေဆုံးခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။
"အင်းတော် စစ်တပ်တပ်စွဲထားတဲ့ ဂျပန် လှိုဏ်ဂူကုန်းကနေ လှည့်ပတ်ပြီး လက်နက်ကြီးနဲ့ ထုနေတာ။ အဲ့ဒါ ည ၉ နာရီလောက်က နားခါးဘုန်းကြီးကျောင်းနားက အိမ်ပေါ် လက်နက်ကြီးကျည်ကျတယ်။ အမျိုးသားတဦးသေတယ်။”
စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အသက် ၆၀ ကျော်အရွယ် ဦးစိုးနိုင်ဟာ ထိခိုက်ဒဏ်ရာပြင်းထန်ရခဲ့လို့ မနက် ၃ နာရီလောက်မှာ သေဆုံးသွားခဲ့တာပါ။
ဇွန် ၂၂ ရက်ကလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ နန့်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တဦးနဲ့ ဦပဥ္စင်းတပါး အပါအဝင် အရပ်သားပြည်သူ ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။