Home
အားကစား
ယူရို ၂၀၂၄ အိမ်ရှင်ဂျာမနီအသင်း ခြင်သောင်းကျန်းမှုကြောင့် အခက်ကြုံ
DVB
·
June 26, 2024
Photo -REUTERS

ယူရို ၂၀၂၄ အိမ်ရှင် ဂျာမနီအသင်း အခြေစိုက်နေထိုင်လေ့ကျင့်နေတဲ့နေရာမှာ  ခြင်သောင်းကျန်းမှုကြောင့်  အသင်းသားတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ ဂျာမနီအသင်းဟာ နိုင်ငံတောင်ပိုင်းက ဟတ်ဇိုဂနော့ဂါဆိုတဲ့မြို့မှာ အခြေစိုက်နေထိုင် လေ့ကျင့်တာဖြစ်ပြီး အဲဒီနေရာဟာ နာမည်ကြီး အားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ Adidas နဲ့ Puma တို့ အခြေစိုက်ရာနေရာပါ။

ဂျာမနီ အသင်းအတွက် အဆင့်မြင့် အထောက်အကူပစ္စည်းတွေနဲ့ အနားယူအပန်းပြေစေမယ့် နေရာအဖြစ် စနစ်တကျတည်ဆောက်ခဲ့တာပါ။

ဒါပေမဲ့  လွန်ခဲ့တဲ့ရက်ပိုင်းက ဂျာမနီမှာ ရေကြီးရေလျှံပြီးနောက် ဂျာမနီအသင်းအခြေစိုက်ရာ ဟတ်ဇိုဂနော့ဂါမှာ ခြင်တွေအများကြီး ပေါ်ထွက်လာခဲ့တာပါ။

ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေဟာ ခြင်နိုင်ဆေးအသုံးပြုရသလို ခြင်ထောင် ထောင်ပြီး အိပ်စက်ရတယ်လို့ BILD သတင်းစာကဖော်ပြပါတယ်။

လေတိုက်တဲ့အချိန်တွေမှာ အနည်းငယ်သက်သာပေမဲ့ လေမတိုက်တဲ့အချိန်တွေမှာ အသင်းသား တွေအနေနဲ့ အခန်းထဲမှာပဲ ဝင်ရောက်အပန်းဖြေရတယ်လို့ နည်းပြ နာဂယ်စ်မန်းကပြောပါတယ်။

အလားတူ ဂိုးသမားနူအာကလည်း  ခြင်တွေကြောင့် အနှောက်အယှက်ဖြစ်ရကြောင်း အတည်ပြုသွားပါတယ်။

ဂျာမန်အသင်းဟာ အုပ်စုဗိုလ်အဖြစ် နောက်တဆင့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်မှူးကိုင်ဟာဗက်ဇ်ကိုတော့  ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့ ဂျာမန်ပရိသတ် ၉၀ ရာခိုင်နှုန်းက မဲပေးခဲ့ကြပါတယ်။

အာဆင်နယ်တိုက်စစ်မှူးဟာ အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ တဂိုးသွင်း၊ တဂိုးဖန်တီးနိုင်ခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ဆွစ်ဇာလန်နဲ့ပွဲစဉ်က စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပရိသတ်တွေက အားမလိုအားမရဖြစ်ခဲ့ကြတာပါ။

ဂျာမန်သတင်းစာ BILD မှာ ပရိသတ် ၁၃၈၀၀၀ ကမဲပေးခဲ့ပြီး  ၉၀ ရာခိုင်နူန်းက ကိုင်ဟာဗက်ဇ်ကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုဖို့ မဲပေးခဲ့ကြတာပါ။

ဟာဗက်ဇ်နေရာမှာ ဆွစ်ဇာလန်နဲ့ပွဲမှာ နောက်ကျချေပဂိုးသွင်းခဲ့တဲ့ ဒေါ့မွန်တိုက်စစ်မှူး  နီကလက်ဖူးခရတ်ဂ်ကို ပွဲထွက်အသုံးပြုဖို့ ပရိသတ်တွေက ဆန္ဒရှိခဲ့ကြတာဖြစ်ပါတယ်။

ဖူးခရတ်ဂ်ဟာ အုပ်စုပွဲစဉ်သုံးပွဲစလုံးမှာ လူစားဝင်ကစားခဲ့ရပေမဲ့  ၂ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013