ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ ဇွန် ၂၅ ရက်က တိုက်ပွဲကြောင့် အဆောက်အဦးတချို့ ကျည်ထိမှန်ပျက်စီးပြီး အရပ်သားပြည်သူတွေလည်း ကျည်ထိမှန်ကာ ၃ ဦးသေဆုံး၊ ဒဏ်ရာရသူ ၉ ဦး ထက်မနည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲ ငြိမ်းချမ်းရေးကုန်းက အောင်မြေသာယာ ဘုန်းကြီးကျောင်းကိုလည်း လက်နက်ကြီးကျည်တွေထိမှန်ပြီး ည ၇ နာရီလောက်က ၈ ရပ်ကွက် အုတ်ကွင်းဒေါင့်က တရုတ်အိမ်မှာလည်း လက်နက်ကြီး ထိမှန်ကာ လူပါထိတယ်လို့ အကူအညီပေးနေသူ အမျိုးသား တဦးကပြောပါတယ်။
"ကျောက်မဲမှာ အရပ်သား ပြည်သူတွေ ထိခိုက် ဒဏ်ရာရတာ ၉ ယောက် ထက် ပိုလိမ့်မယ်။ ခုချိန် အတည်ပြုလို့မရသေးဘူး။ တိုက်ပွဲတွင်းဖြစ်နေလို့။ သေဆုံးကတော့ ၂ ယောက်။ ဒါလည်း ပိုနိုင်သေးတယ်။"
သေဆုံးသူတဦးက ကျောက်မဲ ၉ ရပ်ကွက် တိလင်ရပ်နေ အမျိုးသမီးတဦးဖြစ်ပြီး အိမ်ပြင်ဘက် ခေါင်းပြူထွက်ကြည့်လိုက်တာမှာ ဘယ်ကကျည်မှန်းမသိပဲ နားထင်ထိမှန်ကာ သေဆုံးသွားကာ ကျောက်မဲ ၈ ရပ်ကွက် အခွန်လွတ်ဈေးအနီးက အမျိုးသားတဦးကတော့ လက်နက်ကြီးကျည် ထိမှန် သေဆုံးတာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသမီးတဦးက "ကျောက်မဲဈေးပေါ် ဗုံးထိတယ်။ သေနတ်တွေနဲ့ ရော ရမ်းပစ်နေတာ။ ဈေးက အပေါက်တွေဖြစ်ကုန်ပြီ။ ဈေးထဲမှာတော့ လူတွေထိသံမကြားဘူး" လို့ ပြောပါတယ်။
ဒါ့အပြင် မနေ့က နောင်ချို့မြို့နဲ့ အနီးနားရွာတွေမှာလည်း တိုက်ပွဲတွေပြင်းထန်ပြီး ပြည်သူတချို့ ပိတ်မိနေသလို ယာဉ်မောင်းတဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသမီးတဦးက"ကားသမား တယောက် ပစ်ခံရတာ ဟုတ်တယ်။ ကားသမားက ဘန်ဘွေးရောက်တာနဲ့ ဆုံးသွားပြီ။ မနေ့က မနက် သဲခေါ်ရွာမှာ တိုက်ပွဲဖြစ်လို့ လမ်းပိတ်ပြီ မဖြတ်နဲ့တော့လို့ ပြောတာကို သွားလိုက်တာ။ ပစ်ခတ်နေတဲ့ အချိန်ဆိုတော့ ထိသွားတာ။ ကားသေးအဖြူ အိမ်စီးကားပါ။ လိုင်းကား မဟုတ်ဘူး" လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက နောင်ချို၊ ကျောက်ကြမ်း၊ အုမ္မတီး၊ ရေဝင် စတဲ့နေရာတွေကို တပြိုင်တည်း ထိုးစစ်ဆင်လာရောက်တိုက်ခိုက်တာလို့ ဒေသခံက ပြောပါတယ်။
ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ၊ နားအိုက်ခန့်ရွာနဲ့ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာ၊ အုမ္မတီး၊ ခဲမွန်ရွာ၊ ကံ့ကော်ရွာ၊ နောင်ချိုမြို့တွင်းတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားနေတာပါ။
မိုးကုတ်မြို့နယ် ရွာသာယာရွာ၊ ပန်းသပြေကျေးရွာ၊ ဖြူရောင်ရွာ၊ အမှိုက်ပုံးနေရာ၊ ဒေါ်နန်းကြည်တောင်နဲ့ ၆ မိုင် (မိုးကုတ်နှင့် ပိန်းပြစ်ရွာကြား) တွေမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA အကြားတိုက်ပွဲနေကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦး ထိခိုက်ခဲ့ပြီး ၂ ဦး သေဆုံး ကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က တရုတ်ရဲ့ ကြားဝင်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ယာယီ အပစ်ခတ်ရပ်စဲရေး ဟိုင်ဂင် သဘောတူချက် လက်မှတ်ထားခဲ့ပါတယ်။
မနေ့ ဇွန် ၂၅ ရက် မနက်အစောပိုင်းစလို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲနဲ့ နောင်ချိုမြို့ အပါအဝင် အနီးနားဝန်းကျင်က ရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA ပူးပေါင်း တပ်ဖွဲ့ တွေအကြား တကျော့ပြန်တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။