Home
နိုင်ငံတကာ
ဝီကီလိခ်စ် တည်ထောင်သူ ဂျူလီယန်အက်ဆန့်ချ် အကျဉ်းထောင်မှ လွတ်မြောက်
DVB
·
June 25, 2024
Photo-Reuters

ဗြိတိန်မှာ အကျဉ်းချခံခဲ့ရတဲ့ ဝီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အက်ဆန့်ချ်ဟာ သူ့နေအိမ် ဩစတြေးလျဆီ ပြန်ခွင့်ပေးမယ့် အမေရိကန်အစိုးရနဲ့ သဘောတူညီချက် ရရှိပြီးနောက်မှာ ဝီကီလိခ်စ်မီဒီယာကုမ္ပဏီက အက်ဆန့်ချ် လွတ်လာပြီဆိုတဲ့ စာသားကို ဇွန် ၂၄ ရက်က X လူမှုမီဒီယာ ပလက်ဖောင်းမှာ တင်ခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် အက်ဆန့်ချ်ဟာ လန်ဒန်ရှိ ဘဲလ်မာ့ရှ် လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်မှာ ၁,၉၀၁ ရက်ကြာ နေထိုင်ခဲ့ပြီးနောက် ဇွန် ၂၄ ရက် မနက်မှာ ထောင်ကနေ ထွက်လာခဲ့ပြီလို့လည်း ပြောပါတယ်။

သူလျှိုအက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ အမေရိကန် စစ်ထောက်လှမ်းရေး သုတေသီဟောင်း ချယ်လ်ဆီး မန်းနင်း ဆီကနေ ပေါက်ကြားခဲ့တဲ့ အမေရိကန် လျှို့ဝှက်စာရွက်စာတမ်းတွေကို  ဝီကီလိခ်စ်ကနေ အစုလိုက်အပြုံလိုက် ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး အက်ဆန့်ချ်ကို သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရလက်ထက်မှာ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

အက်ဆန့်ချ်ဟာ လျှို့ဝှက် အမေရိကန် အမျိုးသားကာကွယ်ရေး စာရွက်စာတမ်းတွေကို ရယူဖို့နဲ့ ထုတ်ဖော်ဖို့ ပူးပေါင်းကြံစည်မှု ရာဇဝတ်မှု တခုတည်းအတွက် ပြစ်မှုဆိုင်ရာ စွဲချက်တွေကို အပြစ်ရှိကြောင်း ဝန်ခံဖို့ သဘောတူခဲ့ပါတယ်။

အက်ဆန့်ချ်ကို ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ စိုင်းပန်ကျွန်းရှိ ကြားနာမှုမှာ စီရင်ချက်ချမှာ ဖြစ်ပါတယ်။

အက်ဆန့်ချ်ဟာ ထောင်ဒဏ် ၆၂ လ ကျခံဖို့ ရှိနေတာဖြစ်ပေမဲ့ အဲဒီအတွက် ဗြိတိန်အကျဉ်းထောင်မှာ ၅ နှစ် ကျခံခဲ့ချိန်ကို အပြစ်ကြွေးခံယူခဲ့ခြင်းအဖြစ် အသိအမှတ် ပြုခံခဲ့ရပါတယ်။

အက်ဆန့်ချ်ဟာ ထောင်ဒဏ်အသစ် မကျခံရဖို့ မျှော်လင့်ထားပြီး သူဟာ ကြားနာမှုပြီးရင် သြစတြေးလျကို ပြန်သွားမှာဖြစ်ကြောင်း ဝီကီလိခ်စ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူ့ရဲ့လွတ်မြောက်လာမှုဟာ အောက်ခြေ စည်းရုံးရေးမှူးတွေ၊ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေ၊ ဥပဒေပြုသူတွေနဲ့ နိုင်ငံရေးနယ်ပယ်တခွင်က ခေါင်းဆောင်တွေကနေ ကုလသမဂ္ဂအထိ လမ်းကြောင်းအားလုံးကို ဖြန့်ကျက်ခဲ့တဲ့ “ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော်မှုရဲ့ ရလဒ်” ဖြစ်ကြောင်းလည်း ဝီကီလိခ်စ်ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အက်ဆန့်ချ်ဟာ ဝီကီလိခ်စ်ရဲ့ ထုတ်ဝေသူအနေနဲ့ သတင်းအချက်အလက်တွေကို ခိုးယူခြင်း သို့မဟုတ် ပေါက်ကြားစေခြင်းတို့မှာ တာဝန်ရှိတဲ့ ဖက်ဒရယ်အစိုးရဝန်ထမ်းတွေအပေါ် အသုံးပြုလေ့ရှိတဲ့ စွဲချက်တွေကို ရင်ဆိုင်ရဖို့ မသင့်တော်ကြောင်း အက်ဆန့်ချ်ရဲ့ ကမ္ဘာတဝန်းလုံးက ထောက်ခံသူတွေက နှစ်ကြာရှည် စောဒကတက်ခဲ့ကြတာ ဖြစ်ပါတယ်။

အက်ဆန့်ချ်ရဲ့ရှေ့နေကို မှတ်ချက်ပေးဖို့ တောင်းဆိုထားပေမဲ့ ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013