ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ဌာနချုပ်ရုံးခန်းမှာ ဇွန် ၂၄ ရက် ညနေပိုင်းက မီးလောင်ခဲ့ကြောင်း ရပ်ကွက်နေသူတွေထံက သိရပါတယ်။
ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဦးချစ်မောင်လမ်းရှိ NDF ပါတီ ဌာနချုပ်ရုံးခန်းမှာ မနေ့ညနေ ၃ နာရီခွဲက မီးလောင်မှုဖြစ်ခဲ့တာလို့ လမ်းအတွင်းနေထိုင်သူတဦးက ပြောပါတယ်။
“မီးလောင်တဲ့အချိန်က မီးပျက်နေတာဆိုတော့ ဝါယာရှော့ဖြစ်တာတော့ မဟုတ်လောက်ဘူး ထင်တယ်။ ရုံးက လူစောင့်လည်းမရှိတော့ ရှို့မီးလို့ပြောနေကြတာ။”
မီးလောင်ရာကို မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေ အပါအဝင် လူမှုကူညီရေး အသင်းတွေက သွားရောက်ကူညီငြှိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုကြောင့် လေအေးပေးစက် ၂ လုံး၊ ကွန်ပျူတာတလုံး၊ စားပွဲတလုံးနဲ့ ဘီရိုတလုံး ပျက်စီးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။