Home
ဆောင်းပါး
သာသနာဖျက် မင်းအောင်လှိုင် စစ်မိစ္ဆာအုပ်စုချုပ်ငြိမ်းမှ တိုင်းပြည်ငြိမ်းချမ်းမည်
DVB
·
June 25, 2024

အမှန်ကို အမှန်အတိုင်း ဝန်မခံရဲခြင်းနဲ့ အမှန်ကို အမှားဖြစ်အောင် သေနတ်ထောက် ခြိမ်းခြောက်ကာ ပြောင်းလဲဖို့ ကြိုးစားခြင်းဟာ ပြည်သူတွေ အင်မတန်ရွံမုန်းကြတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မွေးရာပါ စရိုက်လက္ခဏာပါပဲ။

အခု ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စစ်တပ်ပစ်သတ်လို့ ပျံလွန်တော်မူခြင်းနဲ့ နောက်ဆက်တွဲပြဿနာတွေ ကြီးသထက်ကြီးလာနေခြင်းဟာ အထက်ကပြောခဲ့တဲ့ စစ်ကောင်စီရဲ့ သူရဲဘောကြောင်မှုနဲ့ အမှန်ကို အမှားဖြစ်အောင် သေနတ်ထောက် ပြောင်းလဲလိုတာကြောင့် ဖြစ်တယ်။

မင်းအောင်လှိုင် စစ်သားတွေဟာ အင်မတန် လက်ရဲဇက်ရဲနိုင်တယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်တယ်။ ဘာ့ကြောင့် လက်ရဲဇက်ရဲ နိုင်ရတာလဲဆိုတော့ တော်လှန်ရေးတပ်တွေလက်ချက်နဲ့ သူတို့အသက်သေမှာ ကြောက်တာနဲ့ ဘယ်သူ့ကိုမဆို ဘာအကြောင်းပြချက်မှမရှိဘဲ ပစ်သတ်လည်း ထိုင်ထ ၁၀ ခါ လုပ်ရတဲ့ အပြစ်ပေးမှုမျိုးတောင် မခံရတာကြောင့်ပါပဲ။

အဲဒါကြောင့်လည်း စစ်သားတွေဟာ သူတို့မသင်္ကာဖြစ်မိပြီဆိုတာနဲ့ စူးစမ်းဆင်ခြင်ခြင်းမရှိ၊ လူ့အသက်ဆိုတာကို တန်ဖိုးထားရကောင်းမှန်းမသိ၊ သူတို့သေနတ်ကထွက်လာတဲ့ ကျည်ဆန်ဆိုတာ လူတယောက်ကို တည့်တည့်မှန်ခဲ့ရင် သေသွားမယ် ဆိုတာမျိုးလည်း ခေါင်းထဲမရှိ၊ မသင်္ကာတာနဲ့ ခြောက်လှန့်ပစ်တာမျိုးမရှိဘဲ အသေပစ်သတ်လိုက်တာချည်းပါပဲ။

ဇွန် ၁၉ ရက်၊ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲမှာ ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကန်သုံးဆင့်ဆရာတော်တို့ စီးလာတဲ့ကားက စစ်သားတွေရဲ့ Faw ကားကို ကျော်တက်တယ်၊ အမြန်မောင်းတယ်၊ မှန်မချထားဘူး ဆိုတာလောက်နဲ့ ကားတစီးလုံး အသေဝိုင်းပစ်ခဲ့ကြတယ်။ အကယ်၍ ဆရာတော်နှစ်ပါးစလုံးသာ ပျံလွန်ခဲ့ရင် စစ်တပ်က ကားမောင်းသူကိုပါ ပစ်သတ်ပြီး အလောင်းဖျောက်ပစ်တာမျိုး၊ PDF သတ်လို့ ပျံလွန်ရပါတယ်ဆိုတာမျိုး လုပ်နိုင်တယ်။

ဇွန် ၁၉ ရက်၊ စစ်တပ်ရဲ့ မဆင်မခြင်ပစ်ခတ်မှုမှာတော့ ဝင်းနိမ္မိတာရုံဆရာတော် ပွဲချင်းပြီး ပျံလွန်ခဲ့ပြီး ကန်သုံးဆင့်ဆရာတော် ဒဏ်ရာအနည်းငယ်သာ ရရှိခြင်းနဲ့ စစ်ကောင်စီရဲ့ မရိုးမသား လိမ်လည်လှည့်ဖျား ကိုယ့်တာဝန်ကိုယ်မယူရုံတင်မက PDF တွေကို မဟုတ်မတရား ထိုးချမှုကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်လုပ်ဆောင်ခဲ့ခြင်းက မီးပွားတစကို မီးတောက်ကြီးဖြစ်အောင် မွှေးယူလိုက်ခြင်းပါပဲ။

တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့ ငါန်းဇွန်လိုနေရာမျိုးမှာ အောက်ခြေစစ်သားတွေရဲ့ မဆင်မခြင် ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခဲ့တဲ့အပေါ် ရှိခိုးဦးချ တောင်းပန်ပါကြောင်း စစ်ကောင်စီက ရိုးသားစွာ ပြုမူခဲ့ရင် သံဃာထုနဲ့ ပြည်သူတွေ တပတ်၊ ၁၀ ရက် ဒေါသတကြီးဖြစ်နိုင်ပေမဲ့ အခုလောက် မီးတောက်မကြီးနိုင်တာ သေချာတယ်။

အခုတော့ ပစ်ခတ်သတ်ဖြတ်ပြီး ၂ နာရီလောက်ကြာတဲ့အထိ ပျံလွန်သွားတဲ့ဆရာတော်လည်း ကားပေါ်မှာ ဒီအတိုင်း၊ ကန်သုံးဆင့်ဆရာတော်လည်း ဖုန်းဆက်ခွင့်မရ၊ ဘယ်ကိုမှသွားခွင့်မရ၊ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ၊ သက်တော် ၈၀ နားနီးနေပြီဖြစ်တဲ့ ဆရာတော်ကို ဒီအတိုင်း ဖြစ်သလိုပစ်ထားတာဟာ အင်မတန် လူမဆန်တဲ့လုပ်ရပ်ဖြစ်ပေမဲ့ အဲဒီလောက်အထိကလည်း ပြဿနာမရှိသေးဘူးလို့ ဆိုကဆိုနိုင်တယ်။ ဘာလို့လဲဆိုတော့ ဘုန်းကြီးကားမှန်းမသိလို့ ပစ်မိတယ်။ ထေကြီးဝါကြီး ဆရာတော်ကြီးတွေမှန်း မသိတဲ့ အောက်ခြေစစ်သားတွေက ပြီးစလွယ် ပစ်ထားကာ မိုက်မဲမိတယ်လို့ စစ်ကောင်စီဘက်က ဆင်‌ေခြပေးရင် လက်သီးဆုပ်ကို ပြန်ဖြည်လို့ ရနိုင်သေးတယ်။

ရည်ရွယ်ချက်ရှိရှိ ကလိမ်ဉာဏ်ဆင်တဲ့ စစ်ကောင်စီရဲ့ ယုတ်မာချက်က ကန်သုံးဆင့်ဆရာတော် တံတားဦးဆေးရုံကို ရောက်ရှိချိန်ကနေ စတင်တော့တယ်။ ဆရာတော် တံတားဦးဆေးရုံ ရောက်ချိန်မှာ စစ်တပ်ပစ်သတ်လို့ ပျံလွန်သွားတဲ့ ဆရာတော်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ငြိမ်း) ဖြစ်တာရော ဆရာတော်နှစ်ပါးစလုံးဟာ ဩဇာကြီးလှတဲ့ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဖြစ်တာကိုရော သိရှိပြီးဖြစ်ကြောင်း ယူဆနိုင်တယ်။

ဒါပေမဲ့ ကန်သုံးဆင့်ဆရာတော်ကို ဆေးကုသမှုမပေး၊ ဘယ်သူကမှ အကူအညီမပေးတဲ့အပြင် စစ်ကောင်စီဘက်က ၃ ကြိမ်ထက်မနည်း လာစစ်ဆေးတယ်။

“ဘုန်းကြီးကို ခဏခဏလာစစ်တယ်။ သူတို့လိုချင်တဲ့စကားလုံးရအောင်။ ဘုန်းကြီးကလည်း အဖြစ်မှန်ကိုပြောတယ်။ သူတို့လိုချင်တဲ့စကားလုံး မရဘူး’’ လို့ ကန်သုံးဆင့်ဆရာတော်က မိန့်တယ်။

ကန်သုံးဆင့်ဆရာတော်မိန့်တဲ့ သူတို့လိုချင်တဲ့စကားလုံးဆိုတာက ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တာဟာ PDF ပစ်ခတ်ခြင်းကြောင့်လို့ လိမ်လည်ထွက်ဆိုခိုင်းခြင်း ဖြစ်တယ်။ ပြောရရင် ကန်သုံးဆင့်ဆရာတော်ကို ဆေးရုံရောက်နေပေမဲ့ ဆေးမကုပေးတဲ့အပြင် ၃ ကြိမ်ထက်မနည်း စစ်ကောင်စီက လာစစ်ကာ ဖိအားပေး ခြိမ်းခြောက်ခြင်းဖြစ်တယ်။

ဆေးရုံမှာ စစ်ဆေးတာ သူတို့လိုချင်တဲ့အဖြေမရလို့ မန္တလေးနန်းတွင်းထဲခေါ်ပြီး တိုင်းမှူးကိုယ်တိုင် စစ်မေးတယ်။ နန်းတွင်းထဲမှာ ၅ ခါလောက် စစ်တယ်လို့ ကန်သုံးဆင့်ဆရာတော်က မိန့်ခဲ့ခြင်းကြောင့် သူတို့လိုချင်တဲ့အဖြေ မရမချင်း မရမက စစ်တယ်ဆိုတာ ပေါ်လွင်တယ်။

ဇွန်လ ၁၉ ရက်၊ မနက် ၁၀ နာရီခွဲကတည်းက စစ်တပ်ကပစ်ခတ်လို့ ဒဏ်ရာရခဲ့တဲ့ ကန်သုံးဆင့် ဆရာတော်ကို အဲဒီနေ့ညဦးပိုင်း နန်းတွင်းထဲရောက်တော့မှပဲ စစ်တပ်က ဆေးကုပေးပြီး ခေါင်း ၃ ချက်ချုပ်ကာ ပတ်တီးစည်းပေးခဲ့တယ်။

ဇွန်လ ၁၉ ရက်၊ ညနေကစလို့ ကန်သုံးဆင့်ဆရာတော်ရဲ့ အကြိမ်ကြိမ်မိန့်ကြားချက်အရ စစ်တပ်ပစ်ခတ်ကြောင်း စစ်ကောင်စီက သိရှိပေမဲ့ အဲဒီနေ့ည စစ်ကောင်စီထိန်းချုပ် မီဒီယာတွေကနေ ဆရာတော်နှစ်ပါး စီးလာတဲ့ကား PDF ပစ်ခတ်ခြင်းခံရတယ်လို့ ထုတ်ပြန်ခြင်းဟာ ကိုယ်သတ်တာ ကိုယ်ဝန်မခံဘဲ ရည်ရွယ်ချက်ရှိရှိ လိမ်လည်ကြောင်း ပေါ်လွင်စေတယ်။

ပစ်ခတ်ခံရတဲ့ ကန်သုံးဆင့်ဆရာတော်ဟာ စစ်ကောင်စီ စစ်မေးစဉ်ကလည်း သီလမယွင်းခဲ့သလို ဇွန် ၂၀ ရက်မှာလည်း သံဃာတော်တွေနဲ့ ပြည်သူတွေ သိရှိအောင် အဖြစ်မှန်အတိုင်း ရဲရင့်စွာ မိန့်ကြားခဲ့တယ်။ ဆရာတော်ရဲ့ ရဲရဲတောက်မိန့်ကြားချက်က စစ်ကောင်စီကို ဟက်တက်ကွဲစေခဲ့တယ်။ မြန်မာပြည်သူတွေနဲ့ ဓမ္မကိုကိုးကွယ်တဲ့ သံဃာထုကြား မီးဟုန်းဟုန်းတောက်စေခဲ့တယ်။

ဘယ်လိုမှ ဖုံးဖိလို့မရတော့တဲ့အဆုံး စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ဇွန် ၂၁ ရက် ညမှာ ဝန်ခံခဲ့ရတယ်။ ငါန်းဇွန်မြို့နယ်၊ မြို့သာနဲ့ ပန်းချီကမ္မရွာကြားမှာ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် လိုက်ပါလာတဲ့ SURF ကားကို လုံခြုံရေးယူနေတဲ့ စစ်သားတွေက ပစ်ခတ်ခဲ့ပါကြောင်းနဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့ကာ စုံစမ်းနေကြောင်း။ အဲဒီလို အလိမ်ပေါ်ပြီး ပြည်သူ့တံတွေးခွက်ထဲ စစ်ကောင်စီ ပက်လက်မျောနေတဲ့အချိန်၊ ဇွန်လ ၂၂ ရက်မှာ သီတဂူဘုန်းကြီးဟာ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ အန္တိမဈာပနသို့ ကြွလာပြီး သံဃာတွေကို မိန့်တယ်။ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ကို သံဃာတော်တွေအနေနဲ့ သည်းခံခွင့်လွှတ် မေ့ပျောက်ကြပါတဲ့။ သီတဂူဘုန်းကြီးက ပစ်သတ်တဲ့စစ်တပ်နဲ့ ဝန်မခံ လိမ်လည် သူရဲဘောကြောင်တဲ့ စစ်ကောင်စီကို တခွန်းမှ အပြစ်မဆိုဘဲ မေ့ပျောက်ခိုင်းခြင်း ဖြစ်တယ်။

ဆက်လက်ပြီး ဇွန် ၂၄ ရက်မှာ မင်းအောင်လှိုင်က တောင်းပန်ကြောင်းစာကို မင်းအောင်လှိုင်ခန့် သာသနာရေးဝန်ကြီး ဆိုသူက ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာ လာဖတ်ပြသွားတယ်။ လိမ်လည်ခဲ့တာတွေ ဗူးပေါ်သလို ပေါ်ပြီးနောက် အခြေအနေမဟန်တော့လို့ တောင်းပန်ခြင်း။ ဒါပေမဲ့ စစ်ကောင်စီဆိုတာ သံဃာဖြစ်လည်း သူတို့ကို လက်မခံ၊ ဆန့်ကျင်တယ်ဆိုရင် ဆတ်ဆတ်ထိမခံတာမို့ သိပ်မကြာခင်မှာ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခြင်းနဲ့ပတ်သက်ပြီး သံဃာတွေကို အရေးယူမှုတွေ ဆက်လုပ်လာနိုင်တယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များရဲ့ ထုတ်ပြန်ချက်ထဲမှာ “စစ်အာဏာရှင်တို့၏ အကြမ်းဖက်သတ်ဖြတ်မှုများသည် ရဟန်းရှင်လူ၊ ပြည်သူမရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး မည်သူ့အပေါ်မဆို အချိန်မရွေး ကျရောက်လာနေပြီ ဆိုသည်ကို ဆရာတော်ဘုရားကြီးမှ ခန္ဓာဝန်ကိုစွန့်၍ တပည့်သံဃာအပေါင်းအား သိမြင်စေခဲ့ပါသည်” လို့ ဖော်ပြချက်အပေါ် အထူးလေးနက်ကြဖို့ လိုတယ်။

စစ်ကောင်စီ သက်ဆိုးရှည်နေသရွေ့ အခုလိုအဖြစ်ဆိုးတွေ တခုမဟုတ်တခု ဆက်လက် ဖြစ်ပွားနေဦးမှာ အသေအချာပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024