Home
ရုပ်သံ
စစ်ကောင်စီတပ်နှင့် သီတဂူဆရာတော် အလိုမရှိကြောင်း မြောင်မြို့နယ်၌ ဆန္ဒပြ
DVB
·
June 25, 2024

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသအား ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ သည်းခံခွင့်လွှတ်ပေးဖို့ ပြောကြားခဲ့တဲ့ သီတဂူဆရာတော်တို့ကို အလိုမရှိကြောင်း စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ဇွန် ၂၄ ရက် မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာတော့ မြောင်မြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပညာရေးကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြရာမှာပါတဲ့  ​ဒေသခံတဦးက “ရဟန်းသံဃာတွေကို သတ်တဲ့ ဖက်စစ်စစ်တပ်ကို ဘယ်လိုမှ သည်းခံလို့ ခွင့်လွှတ်လို့မရဘူး။ သည်းခံခွင့်လွှတ်ဖို့ပြောခဲ့တဲ့ သီတဂူဘုန်းကြီးကိုလည်း ​မကြည်ညိုဘူး။ အဲ့ဒါကြောင့် အခုဆန္ဒပြပွဲမှာပါ၀င်ခဲ့တာပါ” လို့ ပြောပါတယ်။

သံဃာတော်တွေ ကလေးတွေနဲ့ အမျိုးသမီးတွေကိုသတ်နေတဲ့ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ သည်းခံခွင့်လွှတ်နိုင်ရန် အကြောင်းမရှိ၊ သီတဂူဆရာတော်အလိုမရှိ အစရှိတဲ့ စာသားတွေကိုကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရ သံဃအစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှု​ကြောင့် ဇွန် ၁၉ ရက်မှာ  ပျံလွန်တော်မူခဲ့ရတာပါ။

ဆရာတော်ကြီးပျံလွန်တော်မူသွားခဲ့တာကြောင့် ဇွန် ၂၃ နဲ့ ၂၄ ရက်တွေမှာ ချောင်းဦးနဲ့ ဒီပဲယင်းမြို့နယ်တွေက ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက် ကံဆောင်ထားကြပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း  ရဟန်း သံဃာတော် ၅၀ နီးပါး ပျံလွန်တော်မူခဲ့ရတယ်လို့  မှတ်တမ်းတွေက ဆိုပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီနေ့အထိ NUG၊ PDF အဖွဲ့တွေရဲ့ သတ်ဖြတ်တိုက်ခိုက်မှုတွေကြောင့် ရဟန်း သံဃာ အပါး ၁၄၀ နဲ့ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဇွန် ၂၂ ရက်မှာ ပြောကြားထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013