တရုတ်နိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုကြောင့် ဘေးအန္တရာယ်ဆိုင်ရာ တပ်လှန့်သတိပေးချက်ကို ဇွန် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တရုတ်အရှေ့မြောက်ပိုင်း ဟေလောင်ကျန်းပြည်နယ် ချီထိုင်ဟော့မြို့မှာ ၃ ရက်ဆက်တိုက် မိုးကြီးအပြီး မြစ်ကမ်းပါးတခုက ရေလွှဲပေါက်တခု ပျက်စီးခဲ့တာကို အရေးပေါ် ပြုပြင်ခဲ့ရပါတယ်။
ဒီမြို့မှာ ဇွန်လအတွင်း မိုးရေချိန် ၂၄၀ မီလီမီတာ ရွာချခဲ့လို့ သမိုင်းတလျှောက် ပျမ်းမျှမိုးရေချိန်ရဲ့ ၂ ဆခွဲ နီးပါးရွာခဲ့တာလို့ မြို့ရဲ့ အရေးပေါ်တုံ့ပြန်ရေး အာဏာပိုင်တွေက ပြောပါတယ်။
သောကြာ၊ စနေ ၂ ရက်အတွင်း မိုးရေချိန် ၅၄ ဒသမ ၅ မီလီမီတာ ရွာကျခဲ့လို့ ဆည်မှာ ရေသိုလှောင်နိုင်စွမ်း မနိုင်ဝန်ဖြစ်အပြီး ရေပိုလွှဲပါ ပြုတ်ထွက်ခဲ့ပါတယ်။
တနင်္ဂနွေမနက် ၉ နာရီမှာ စောင့်ကြည့်ရေးစခန်း ၄ ခုက ရေမျက်နှာပြင်က စိုးရိမ်ရေမှတ်ကို ကျော်လွန်နေကာ စိုက်ပျိုးမြေ ဟက်တာ ၂,၇၀၀ လောက် ရေမြုပ်ခဲ့ပါတယ်။
နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်မှာ ဆိုးဆိုးရွားရွား ရေကြီးမြေပြိုလို့ ဒေသန္တရ အာဏာပိုင်တွေ ကယ်ဆယ်ရေးနဲ့ ဘေးကင်းရာ ပြန်လည်နေရာချထားရေးအတွက် အဆောတလျင် ဆောင်ရွက်နေရပါတယ်။
ပင်တန်မြို့မှာ မိုးကြီးလို့ အထက်တန်းကျောင်းဝင်ခွင့် အစိုးရစစ်စာမေးပွဲကို အနှောင့်အယှက် ဖြစ်ခဲ့တဲ့အတွက် ယာဉ်ထိန်းရဲတွေက အရေးပေါ်စီမံကိန်းကို ချမှတ်ဆောင်ရွက်ခဲ့ရပါတယ်။
အန်းရွှန်းမြို့မှာလည်း မိုးကြီးလို့ ရေလွှမ်းနေတဲ့အတွက် မီးသတ်သမားတွေက ဒေသခံ အယောက် ၁၄၀ ကို စနေညနေမှာ ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပါတယ်။
ဒေသအများစုမှာ ခုတော့ ရေပြန်ကျသွားပြီဖြစ်လို့ ယာဉ်အသွားအလာ ပြန်စနေပါပြီ။ ဖူတင်းမြို့မှာ သောကြာညကစပြီး မိုးကြီးနေလို့ လမ်းတွေ အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။
တရုတ်မြောက်ပိုင်းက အတွင်းမွန်ဂိုလီးယားပြည်နယ် အစိတ်အပိုင်း အများအပြားမှာတော့ အအေးလှိုင်းကြောင့် သောကြာနေ့က သဲမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်- မွန်ဂိုလီးယား နယ်စပ်က အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
လေပြင်းတွေကြောင့် ပြည်နယ်အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ သဲတွေ ဖုန်တွေ လွင့်ပျံနေပြီး အပူချိန်နဲ့ မြင်နိုင်စွမ်းပါ ကျဆင်းခဲ့တာပါ။
အစွန်းရောက် မိုးလေဝသတုံ့ပြန်ရေး အရေးပေါ်အစီအစဉ်ကို ဆောင်ရွက်ခဲ့ရပြီး အကောက်ခွန်ရှင်းလင်းရေး သေချာစေဖို့ စစ်ဆေးရေးလမ်းကြောင်းအားလုံးကို ဖွင့်ထားခဲ့ရပါတယ်။
Source-Reuters