Home
ရုပ်သံ
ကျောက်မဲမြို့အနီး တိုက်ပွဲပြန်ဖြစ်၊ ချောင်းဦးတွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ
DVB
·
June 25, 2024

ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းအနီးမှာ ဇွန် ၂၅ ရက် မနက် ၅ နာရီလေက်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

“မနက် အစောကြီး ကျနော်တို့ ကျောက်မဲကနေ သီပေါကို ထွက်လာကတည်းက လှုပ်လှုပ်ရှားရှား ဖြစ်နေပြီ။ အခုက ကျောက်မဲ - နောင်ချိုဘက် သွားလို့မရဝောာ့ဘူး" လို့ ကုန်ယာဉ်မောင်းတဦးက ပြောပါတယ်။

သီပေါဘက်ခြမ်းက ကုန်ကားတွေ၊ ခရီးသွားကားတွေလည်း စောင့်ဆိုင်းပြီး လမ်းအခြေအနေကို နားစွင့်နေတယ်လို့ သူက ပြောပါတယ်။

“ကျောက်မဲဘက် ဒီနေ့ ဇွန် ၂၅ ရက်မနက် ၅ နာရီခန့်ကစ ပစ်ခတ်သံတွေ ကြားနေရပြီ” လို့ ဒေသခံ တဦးက ပြောပါတယ်။

ကျောက်မဲ ငြိမ်းချမ်းရေးကုန်းအနီး မနက်အစောပိုင်းကတည်းက ပစ်ခတ်သံ‌တွေ ကြားနေရပြီး ရွာအနီးအနားဝန်းကျင်မှာ စစ်ကြောင်း ရောက်ရှိတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလမ်းမကြီးနားက ကျောက်မဲစခန်းသာရွာ တောင်ဘက်မှာလည်း ဒီနေ့ မနက် အစောပိုင်းကစပြီး နှစ်ဖက်တိုက်ပွဲဖြစ်နေလို့ လမ်းပိတ်တာတွေ ရှိတာကြောင့် ခရီးသွားတွေ အနေ နဲ့ လမ်းအခြေအနေ စုံစမ်းပြီးမှ သွားသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၄ ရက် မနက် ၁၀ နာရီလောက်က ကျောက်မဲမြို့နယ်၊ ကျောက်မဲလေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဟိုခိုရွာအနီးဘက် လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့သလို နောင်ချိုမြို့နယ်၊ အုမ္မတီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကလည်း မနက် ၉ နာရီခွဲဝန်းကျင်က ဆမ္မဆယ်ရွာဘက် လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၃ ရက် မနက် ၉ နာရီလောက်ကလည်း  အုမ္မတီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က‌ ဆမ္မဆယ်ရွာဘက် လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇွန် ၉ ရက်ကနေ ၂၄ ရက်အထိ စစ်တပ်က လေယာဥ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်လို့ TNLA တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းဆောင်တွေနဲ့ အရပ်သားတွေရဲ့ နေအိမ် ၅ လုံး ပျက်စီးခဲ့ပြီး အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ကာ အသက် ၁၀ နှစ်အရွယ် ကလေးငယ် တဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇွန် ၂၃ ရက် မနက် ၈ နာရီလောက်ကလည်း လားရှိုး၊ ကုန်းညောင်ရွာနားမှာ စစ်တပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့  တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်က တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်‌တွေကြား ချက်ချင်းအပစ်အခတ်ရပ်စဲဖို့၊ ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းယူ ထားတဲ့ နယ်မြေတွေကို စစ်တပ်က ဝင်ရောက်တိုက်ခိုက်ခြင်း မပြုဖို့၊ စစ်တပ်နဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့တို့ကြား ၁၀၂၇ စစ်ဆင်ရေး ယာယီအပစ်ရပ်စာချုပ် ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ် ရေးထိုးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၂၄ ရက် မနက် ၉ နာရီခွဲ၀န်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့​တယ်လို့ Area 71 PDF တပ်ဖွဲ့က ပြောပါတယ်။

Area 71 PDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦး “မုံရွာ-ချောင်းဦးလမ်းပေါ်မှာ မြပုလဲဆီဆိုင်ဂိတ်ကနေ ရောက်နေတဲ့ ခွေးတွေက ခရီးသွားကားတွေကိုတားပြီး လမ်းပေါ်မှာ ပြည်သူတွေကို မိုင်းရှာခိုင်းတယ်။ မိုင်းရှာနေတဲ့ ပြည်သူတွေ ကျနော်တို့ရဲ့မိုင်းကွင်းနဲ့လွတ်တဲ့အချိန် ‌ေ-း ၂ ကောင်ကို မိုင်းဆွဲလိုက်တယ်။ ခရီးသွားကားတွေကိုထိမှာစိုးလို့ တော်တော်လေး စောင့်လိုက်ရတယ်။ ကျနော်တို့ရဲ့ ရုပ်သံဖိုင်ထဲမှာ တွေ့ရမှာပါ” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ကင်းပုန်း၀တ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် Area 71 ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်တုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးစကတည်းက ကျနော်အပါအ၀င် ကျနော်တို့တပ်ဖွဲ့၀င်လေးတွေရဲ့ ပိုင်ဆိုင်မှုလေးတွေကို ထုခွဲရောင်းချပြီး ‌ေ-း တွေကို အောင်အောင်မြင်မြင် တိုက်ခိုက်လာခဲ့ကြတာပါ။ အခုတော့ ကျနော်တို့မှာ ရောင်းစရာလည်းမရှိတော့သလို အဖွဲ့ရဲ့ ဘတ်ဂျက်အခြေအနေကလည်း မရှိတော့ပါဘူး။ ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ။ အဲ့လိုမှမဟုတ်ရင် ကျနော်တို့အဖွဲ့ ထိုင်နေရမယ့်သဘောမှာရှိနေပါပြီ” လို့ Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မန္တလေး-မုံရွာလမ်းပေါ်မှာ စစ်ကောင်စီရဲ့ ကြေးနီတင်ယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်ကလည်း ကြေးနီတင်ယာဉ်တန်းတွေ ရဲ့လုံခြုံရေးအတွက် ကင်းပုန်း၀တ်ကာ စစ်သားအင်အားတွေ တိုးမြှင့်ချထားနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013