Home
ဆောင်းပါး
တရုတ်… ဒုတိယမြောက် ခြိမ်းခြောက်မှု
DVB
·
June 25, 2024

အခု ဂျာမနီမှာ ကျင်းပနေတဲ့ ဥရောပချန်ပီယံရှစ် (ယူရို-၂၀၂၄) ဘောလုံးပွဲတွေကို ကြည့်မိကြသူတိုင်း ကွင်းပတ်လည်က ကြော်ငြာတွေကို သတိထားမိကြမယ် ထင်ပါတယ်။ BYD, VIVO, Hisense, AliExpress, AliPay စတဲ့ တရုတ်ကုမ္ပဏီကြီးတွေရဲ့ ထုတ်ကုန်တွေကို ဧရာမ LED စာလုံးကြီးတွေနဲ့ ထင်းကနဲ မြင်တွေ့ကြရမှာပါ။ ဒါဟာ A picture speaks a thousand words ဆိုသလို စကားတွေအများကြီးပြောနေတဲ့ ပုံရိပ်တွေပါ။ တရုတ် EVs ကားတွေဟာ ဥရောပကို လွှမ်းမိုးလာပါပြီ။ ဥရောပဟာ တရုတ်ထုတ်ကုန်များရဲ့ လွှမ်းမိုးမှုအောက် ရောက်ရှိလာနေပြီဆိုတာ ဒီကြော်ငြာဆိုင်းဘုတ်တွေက ပြနေပါတယ်။

တဆက်တည်းမှာပဲ ဥရောပသမဂ္ဂ(အီးယူ) နဲ့ တရုတ်အကြား ကုန်သွယ်ရေးစစ် စတင်ဖြစ်ပွားနေပြီဆိုတဲ့ သတင်းတွေလည်း တက်လာနေတယ်။ ဒီရက်ပိုင်းအတွင်း ဥရောပသမဂ္ဂနိုင်ငံတွေက တရုတ်ကုန်စည်တွေအပေါ် မတန်တဆ အခွန်တိုးကောက်မယ်လို့ အသံထွက်လာပြီး ဒီလိုတိုးကောက်ခဲ့ရင် တရုတ်ကလည်း ဥရောပကသွင်းလာတဲ့ ဝက်သားတွေအပေါ် အခွန်မြှင့်ကောက်မယ်လို့ တုံ့ပြန်နေတာ ဖတ်လိုက်ရတယ်။

အရင်က ကုန်သွယ်ရေးစစ်ဟာ တရုတ်နဲ့ အမေရိကန်ကြားသာ ဖြစ်ခဲ့တာဖြစ်ပြီး ခုတခါမှာတော့ ဥရောပကပါ ပါလာပြီလို့ ဆိုရမယ်။ အထူးသဖြင့် ဥရောပသမဂ္ဂနိုင်ငံတွေမှာ တရုတ်က ထုတ်ပြီး ဈေးချိုတဲ့ EVs လျှပ်စစ်မော်တော်ကားတွေ အလျှံအပယ် (overcapacity) ဖြစ်လာပြီး ဥရောပ မော်တော်ကားထုတ်လုပ်မှုကိုပါ ခြိမ်းခြောက်လာတဲ့အထိ ဖြစ်လာနေတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အခြား G-7 နိုင်ငံတွေဟာ ပြီးခဲ့တဲ့အပတ်က တရုတ်စီးပွားရေး နယ်ချဲ့လာမှုအတွက် သတိပေးခေါင်းလောင်း တီးလာခဲ့ကြတယ်။ အထူးသဖြင့် တရုတ်က ခြေလှမ်းချဲ့လာနေတဲ့ နယ်ပယ်သုံးခုဖြစ်တဲ့ လျှပ်စစ်မော်တော်ယာဉ် (EVs)၊ နေရောင်ခြည်စွမ်းအင်ပြား (solar panels) နဲ့ ဘက်ထရီထုတ်ကုန်တွေ ဖြစ်တယ်။

ဥရောပမော်တော်ယာဉ်လုပ်ငန်းဟာ တရုတ်လျှပ်စစ်ကား (EVs) တွေရဲ့ ဖိအားပေး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပြီး ဥရောပသားတွေကလည်း ဈေးချိုပြီး မောင်းရတာ အဆင်ပြေတဲ့ တရုတ်ထုတ် လျှပ်စစ်ကားတွေကို ဝယ်ယူသုံးစွဲမှု မြင့်မားလာတယ်။ တချိန်တည်းမှာပဲ ဥရောပ ကားထုတ်လုပ်ရေးစက်ရုံတချို့ ပိတ်လိုက်ရပြီဖြစ်သလို ထောင်နဲ့ချီတဲ့ အလုပ်အကိုင် လျှော့ချဖြတ်တောက်မှုတွေလည်း ရှိလာခဲ့တယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက Ford Motor ကုမ္ပဏီဟာ ဥရောပမှာရှိတဲ့ စက်ရုံ အလုပ်အကိုင်  ၃,၈၀၀ ကို လျှော့ချမယ်လို့ ကြေညာခဲ့တယ်။

ပြီးခဲ့တဲ့ ဇွန်လက ဆွီဒင်ကားထုတ်လုပ်ရေး Autoliv က အလုပ်အကိုင် ၈,၀၀၀ လျှော့ချမယ်လို့ ဆိုတယ်။

အောက်တိုဘာလမှာ ဂျာမနီ ဗောက်စ်ဝက်ဂွန်ကားကုမ္ပဏီက ဆော့ဖ်ဝဲလ်ဌာနက အလုပ် ၂,၀၀၀ ကို လျှော့ချမယ်လို့ ဆိုတယ်။

ပြင်သစ် မော်တော်ကားတာယာထုတ်လုပ်ရေး Michelin ကလည်း လာမယ့်နှစ်ကုန်ပိုင်းမှာ ဂျာမနီမှာရှိတဲ့ စက်ရုံသုံးရုံကို ပိတ်ပစ်တော့မယ်လို့ ဆိုတဲ့အတွက် အလုပ်အကိုင် ၁,၅၀၀ ထိခိုက်ဖို့ ရှိနေတယ်။

အီတလီကလည်း ဩစတြီးယားမှာရှိတဲ့ သက်တမ်း နှစ် ၄၀ ရှိပြီဖြစ်တဲ့ ကားစက်ရုံကို ပိတ်လိုက်တော့မယ်လို့ ဆိုတယ်။

မော်တော်ယာဉ်ထုတ်လုပ်ရေးဟာ ဥရောပရဲ့ ကြီးမားတဲ့ စီးပွားရေးအစိတ်အပိုင်းတခုဖြစ်ပြီး ဥရောပသမဂ္ဂရဲ့ စုစုပေါင်းထုတ်ကုန်ပမာဏရဲ့ ၇ ရာခိုင်နှုန်းရှိကာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥရောပသား ၁၃ သန်းကို အလုပ်အကိုင် ပေးထားနိုင်ခဲ့တယ်။

တရုတ်နိုင်ငံက မော်တော်ကားတွေ ဥရောပဈေးကွက်ထဲ မတန်တဆ ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နှစ်လက ပြင်သစ်သမ္မတ မက်ခရွန်၊ ဂျာမန်အဓိပတိ အိုလက်ဖ်စခို့လ်နဲ့ အီးယူဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်တို့ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသေးတယ်။

တရုတ်ရဲ့ ပထမအကြိမ် ကုန်သွယ်ရေး ခြိမ်းခြောက်မှုဟာ အမေရိကမှာ ဖြစ်ခဲ့တယ်။

အမေရိကန် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်ရဲ့ လေ့လာချက်အရ ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်အကြား တရုတ်နိုင်ငံရဲ့ ယှဉ်ပြိုင်မှုကြောင့် အမေရိကန်မှာ ကုန်ထုတ်လုပ်ရေး အလုပ်အကိုင် တသန်းနီးပါး ဆုံးရှုံးခဲ့ပြီး အလုပ်အကိုင် ၂ ဒသမ ၄ သန်း ပျောက်ဆုံးသွားတယ်လို့ ဆိုတယ်။ တရုတ်နိုင်ငံဟာ ၂၀၀၁ ခုနှစ်ကျမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထဲ ဝင်ရောက်ခွင့်ရခဲ့တာပါ။

အမေရိကန်က စက်ရုံ၊ အလုပ်ရုံ အများအပြား လုပ်အားခဈေးချိုတဲ့ တခြားနိုင်ငံတွေကို ရွှေ့ပြောင်းကုန်တာကြောင့်ရယ်၊ စက်ရုံတွေမှာ အလိုအလျောက်စနစ် သုံးစွဲမှု ကျယ်ပြန့်လာတာကြောင့်ရယ်ကြောင့် အလုပ်အကိုင် ၆ သန်းနီးပါး ဆုံးရှုံးခဲ့ရတယ်။

ဒီအခြေအနေတွေရဲ့ အကျိုးဆက်ကြောင့် မူးယစ်ဆေးစွဲမှုနဲ့ စိတ်ကျရောဂါ အပါအဝင် အမေရိကန်မှာ လူမှုပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရပြီး ၂၀၁၆ ခုနှစ်မှာ ဒေါ်နယ်ထရမ့်ပ်က တရုတ်ခြိမ်းခြောက်မှုကို အကြောင်းပြုလို့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်။ ခုတခါ ရွေးကောက်ပွဲမှာလည်း တရုတ်အရေးကိစ္စဟာ ထပ်ပေါ်လာပြီလို့ ဆိုရမယ်။

သမ္မတ ဂျိုးဘိုင်ဒင်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နဲ့ ဘဏ္ဍာရေးအတွင်းရေးမှူး ဂျနက်ယယ်လင် တို့က တရုတ်ရဲ့ မတန်တဆ (overcapacity) ကုန်သွယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော်သတိပေးမှုတွေ ရှိပေမဲ့ စီးပွားရေးပညာရှင်တချို့ကတော့ ဒီတခါ တရုတ်ရဲ့ခြိမ်းခြောက်မှုဟာ အဆင့်မြင့်ထုတ်ကုန်နယ်ပယ်မှာ ဖြစ်လာနေတာလို့ သတိပေးကြတယ်။

“ဒီတကြိမ် တရုတ်ရဲ့ ခြိမ်းခြောက်မှုဟာ ပထမတကြိမ်ထက် ပိုပြီး ကြီးမားကျယ်ပြန်လိမ့်မယ်။ ဒီနေ့ တရုတ်ဟာ အချက် လေးချက်နဲ့ စိန်ခေါ်လာတယ်။ ပထမအချက်က ကမ္ဘာကြီးရဲ့ ထုတ်ကုန် ၃၀ ရာခိုင်နှုန်း ဝေစုကို ရယူတာ၊ ဒုတိယအချက်က ဈေးချိုတဲ့ လုပ်အားခ၊ တတိယအချက်က ပိုအရေးကြီးပြီး အဓိကကျတယ်။ အဆင့်မြင့်နည်းပညာ လုပ်နိုင်စွမ်းဖြစ်ပြီး စတုတ္ထအချက်က ဒီလုပ်ငန်းတွေကို တရုတ်နိုင်ငံတော်အစိုးရက အဆက်မပြတ် အကြီးအကျယ် ထောက်ပံ့မှုပေးလို့ပဲ ဖြစ်တယ်။”

GlobalData TS Lombard က တရုတ်စီးပွားရေးပညာရှင်နဲ့ အာရှသုတေသနအကြီးအကဲ ရိုရီ ဂရင်းက “ခုတကြိမ် ဒုတိယ တရုတ်ရဲ့ ကုန်သွယ်ရေး ခြိမ်းခြောက်မှုဟာ အဆင့်မြင့်ကုန်ထုတ်လုပ်မှု နယ်ပယ်မှာဖြစ်ပြီး သူ့ရဲ့ ဖိအားပေးမှုကို ဥရောပ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့အပေါ် ကျရောက်လာနေပြီး မကြာမီ အမေရိကန်ကို ရောက်လာတော့မယ်” လို့ ပြောပါတယ်။

တရုတ်ရဲ့ မတန်တဆ ကုန်သွယ်ရေး (overcapacity) နဲ့ ပတ်သက်လို့ တရုတ်ကုန်စည်တွေကို အခွန်တိုးကောက်မယ်လို့ အမေရိကန်သမ္မတ ဘိုင်ဒင်က ပြီးခဲ့တဲ့လမှာ ကြေညာခဲ့တယ်။ အမေရိကန် အလုပ်အကိုင်တွေကို ကာကွယ်ဖို့ တရုတ်လျှပ်စစ်ကားတွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်မယ်လို့ ဆိုတယ်။

လက်ရှိအခြေအနေမှာ ဥရောပကတော့ တရုတ်ရဲ့ မတန်တဆထုတ်ကုန် (overcapacity) လွှမ်းမိုးမှု ဖိအားနဲ့ ရင်ဆိုင်နေရပါပြီ။ ကုန်သွယ်ရေးစစ်ဟာ အမေရိကန်နဲ့ တရုတ်ကြား ဖြစ်ခဲ့ပေမဲ့ ခုတခါမှာတော့ ဥရောပဘက် လှည့်လာပြီ ဖြစ်တယ်။ ဥရောပကတဆင့် အမေရိကအထိ ရောက်ရှိလာမှာကို အမေရိကန်တွေ စိုးရိမ်နေကြပါပြီ။ ဒီတကြိမ် တရုတ်ရဲ့ ကုန်သွယ်ရေး ခြိမ်းခြောက်မှုဟာ ဒုတိယမြောက် ခြိမ်းခြောက်မှုလို့ ဆိုနေကြပါပြီ..။

CWM 

Ref: Why the west fears massive job losses because of China's clean teach prowess by Pearl Forss. CNA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024