Home
မြန်မာသတင်း
ကလေးမြို့နယ်ရှိ  ကြားကာလစာသင်ကျောင်းပေါင်း ၁၀၀ တွင် ပုံနှိပ်စာအုပ်နှင့် စာသင်ခုံများ လိုအပ်နေ
DVB
·
June 25, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်‌အောက်ခံ ကြားကာလ အခြေခံပညာစာသင်ကျောင်းပေါင်း ၁၀၀ ဝန်းကျင်ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသားတွေအတွက် စာသင်ဆောင်တွေ၊ ပုံနှိပ်စာအုပ်‌တွေနဲ့ စာသင်ခုံတွေလိုအပ်နေတယ်လို့ ပညာရေးတာဝန်ခံတွေက ပြောပါတယ်။

ကလေးမြို့နယ်မှာ ကြားကာလကျောင်းတွေကို စစ်အာဏာသိမ်းပြီးတစ်နှစ်အကြာ ၂၀၂၂ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး အလယ်တန်းအဆင့်ထိသာ ဖွင့်နိုင်ခဲ့ကာ ၂၀၂၃ ပညာသင်နှစ်မှာတော့ အထက်တန်းအဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကြားကာလ ကလေးမြို့နယ်ပညာရေး ဘုတ်အဖွဲ့တာဝန်ခံက ပြောပါတယ်။

အဲ့ဒီ ကြားကာလကျောင်းပေါင်း ၁၀၀ ဝန်းကျင်မှာ CDM ဆရာ၊ ဆရာမ အယောက် ၆၀၀ ကျော်နဲ့ စေတနာ့ဝန်ထမ်း ၃၀၀ ကျော်တို့က ပညာသင်ကြားပေးနေပြီး ကျောင်းသား/ကျောင်းသူ ၁၇၀၀၀ ကျော် တက်ရောက်နေတယ်လို့ သိရပါတယ်။

လက်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာလည်း အထက်တန်းအဆင့်ထိရှိတဲ့ ကျောင်းတွေကိုဖွင့်လှစ်ထားကာ စာသင်ကာလကိုလည်း ပုံမှန်စာသင်ကာလ ဇွန်လကနေ ဖေဖော်ဝါရီလအထိ သင်ကြားဖို့ ရည်ရွယ်ထားတယ်လို့ ကလေးတက္ကသိုလ် CDM ကျောင်းဆရာ ကိုအောင်ဆန်းလင်းက ပြောပါတယ်။

စစ်ကောင်စီကတော့ ကလေးမြို့နယ်ဘက်က ကျေးရွာတွေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်တာမရှိသလို မြို့ပေါ်မှာလည်း စာသင်ကျောင်းတချို့သာ ဖွင့်ထားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကြားကာလကျောင်းတွေမှာတော့ ကလေးတွေကို တွေးခေါ်နိုင်စေဖို့ ကလေးဗဟိုပြုစနစ်သစ်နဲ့ သင်ကြားပေးနေတယ်လို့ ကလေးမြို့နယ်က ကြားကာလပညာသင်ကြားရေး စာသင်ကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းဆရာမက ပြောပါတယ်။

စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အတွက် ကြားကာလစာသင်ကျောင်းတော်တော်များများကို ဘေးကင်းရာနေရာတွေမှာ ဖွင့်လှစ်သင်ကြားနေကြရပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းက လက်ပံချောင်းကျေးရွာအုပ်စုကို အခုစာသင်နှစ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေတဲ့အတွက်  ကျောင်းတွေ ဖွင့်မရဘဲ ပိတ်ထားရတယ်လို့ သိရပါတယ်။

အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသား ဒါဇင်နဲ့ချီ သေဆုံး ဒဏ်ရာရရှိခဲ့ပါတယ်။ 

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013