တောင်ကိုရီးယားနိုင်ငံက လစ်သီယမ်ဘက်ထရီ ထုတ်လုပ်ရေးစက်ရုံမှာ ဇွန် ၂၄ ရက်က မီးလောင်မှုဖြစ်ပြီး လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ အလုပ်သမားတွေကို စတင်ရှာဖွေနေပြီး စက်ရုံအတွင်း အလောင်း ၂၀ ကို တွေ့ခဲ့တယ်လို့ ယွန်ဟပ်သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ဆိုးလ်မြို့တော်တောင်ဘက် ဟွာဆောင်မှာရှိတဲ့ ဘက်ထရီထုတ်လုပ်သူ အာရီဆဲလ်က လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံမှာ မနက် ၁၀ နာရီခွဲလောက်က မီးအကြီးအကျယ် လောင်အပြီး ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
အလုပ်သမား ၂၃ ဦး ပျောက်ဆုံးနေပြီး သူတို့ထဲက အယောက် ၂၀ ဟာ တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေလို့ ဟွာဆောင် မီးသတ်ဌာန တာဝန်ရှိသူ ကင်မ်ဂျင်းယောင်က ပြောပါတယ်။
လူမျိုးစုတွေရဲ့ အသေးစိတ် အချက်အလက်တွေကို အတည်ပြုနေဆဲလို့ ကင်မ်က ပြောပါတယ်။ ဘက်ထရီအလုံးရေ ၃၅,၀၀၀ လောက်ရှိတဲ့ ဂိုဒေါင်အတွင်း ဘက်ထရီဆဲလ်တွေ ဆက်တိုက်ပေါက်ကွဲပြီးတဲ့နောက် မီးလောင်ခဲ့တာလို့ မီးသတ်ဌာနက ပြောပါတယ်။
Source-Reuters