ရုရှားနိုင်ငံ၊ မော်စကိုဒေသ၊ ဖရီယာဇီနိုမြို့မှာ ၈ ထပ်တိုက် ရုံးခန်းအဆောက်အဦတလုံး မီးလောင်ပြီး အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့က ဇွန် ၂၄ ရက်မှာ ပြောပါတယ်။
“လူ ၂ ယောက်က ပြတင်းပေါက်ကနေ ခုန်ချခဲ့ပြီးနောက်မှာ သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ် ၆ ယောက်ကလည်း အဆောက်အအုံထဲမှာ ပစ္စည်းပြိုလဲကျတာတွေ ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်းမှာပဲ သေဆုံးသွားကြတယ်” လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေကို ကိုးကားပြီး တာ့စ် သတင်းအေဂျင်စီက ထုတ်ပြန်ပါတယ်။
မီးငြှိမ်းသတ်ဖို့အတွက် မီးသတ်ကား ၁၂ စီးနဲ့ မီးသတ်သမား ရာနဲ့ချီ စေလွှတ်ခဲ့ကြောင်း မော်စကိုဒေသ အုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရော့ဘ်ယော့ဗ်က ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးပေမဲ့ မီးဟာ ၆ ထပ်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီနောက် တခြားကို ကူးစက်သွားခဲ့တာလို့ ဆိုပါတယ်။
Source-Reuters