Home
နိုင်ငံတကာ
အစ္စရေး ပစ်ခတ်မှုကြောင့် လက်ဘနွန် စစ်သွေးကြွခေါင်းဆောင် သေဆုံး
DVB
·
June 24, 2024
Photo-CCTV

လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းက ကားတစီးကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း စနေနေ့က လက်ဘနွန် စစ်သွေးကြွအုပ်စု အယ်လ်ဂျမားအယ်လ် အစ္စလာမ်မီယာရဲ့ ခေါင်းဆောင် သေဆုံးခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်ကို ကိုးကားပြီး အာရပ်သတင်းစာ အက်ရှက် အယ်လ် အော်ဆက်က ဖော်ပြပါတယ်။

အစ္စရေးနဲ့ဟားမတ်စ်စစ်ပွဲ စတင်တဲ့ အောက်တိုဘာ ၇ ရက်တည်းက ပါလက်စတိုင်း ဟားမတ်စ်အုပ်စုနဲ့ မဟာမိတ်ဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေနဲ့ တခြားအုပ်စုတွေဟာ တောင်ပိုင်း နယ်စပ်တလွှားမှာ အစ္စရေးနဲ့ နေ့တိုင်းနီးပါး အပြန်အလှန် ပစ်ခတ်နေခဲ့တာပါ။

အယ်လ်ဂျမားအယ်လ်အစ်လမ်မီယာ စစ်သွေးကြွအုပ်စုရဲ့ အယ်လ်ဖာဂျာတပ်ဖွဲ့ခေါင်းဆောင် အိုင်မန်ဂုတ်မီဟာ အနောက်ပိုင်း ဘက်ခါးတောင်ကြားက ခီအာရာရပ်ကွက်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တယ်လို့ ဆီးရီးယားနယ်စပ်ကနေ ၆ မိုင်အကွာက AFP သတင်းဌာနရဲ့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။

လက်ဘနွန်မှာ အစ္စရေးရဲ့ ကျူးကျော်မှုကို တိုက်ဖျက်ဖို့ အယ်လ်ဖာဂျာ လက်နက်ကိုင်အဖွဲ့ကို ၁၉၈၂ခုနှစ်မှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာပါ။

လက်ဘနွန်က ဟားမတ်စ်အဖွဲ့နဲ့ ပူးပေါင်းစစ်ဆင်ရေးတွေ အပါအဝင် အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှု အများအပြားအတွက် တာဝန်ရှိတယ်လို့ ခန့်မှန်းခြေအားဖြင့် အမျိုးသားဦးရေ ၅၀၀ လောက်ပဲရှိတဲ့ ဒီအဖွဲ့က ထုတ်ပြောထားပါတယ်။

ခီအာရာမှာ ကားတစီး ပစ်မှတ်ထား တိုက်ခိုက်ခံရလို့ လူတဦး သေဆုံးခဲ့တယ်၊ သေဆုံးသူဟာ အနားက လာလာရွာက ဖြစ်တယ်လို့ လက်ဘနွန်အစိုးရပိုင် ANI သတင်းဌာနက ကြေညာခဲ့ပြီး နောက်ထပ်အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။

ဟားမတ်စ်တွေနဲ့ လက်ဘနွန်နိုင်ငံထဲက အယ်လ်ဂျမာအယ်လ်-အစ္စလာမီယာ အဖွဲ့တို့ကို လက်နက်တွေ ထောက်ပံ့ပေးခဲ့သူလို့ အစ္စရေးစစ်တပ်ကပြောတဲ့ အိုင်မန် ဂုတ်မီကို လက်ဘနွန်နိုင်ငံ ဘက်ခါးဧရိယာမှာ အတိအကျ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးနိုင်ငံအပေါ် အကြမ်းဖက်လုပ်ရပ်တွေ မြှင့်တင်ရေးနဲ့ ကွပ်မျက်ရေးမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုအတွက် ပစ်မှတ်ထားခဲ့တာလို့လည်း အစ္စရေးက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013