Home
နိုင်ငံတကာ
တိုက်ပွဲများ အဆုံးသတ်လုနီးသော်လည်း စစ်ပွဲမပြီးသေးဟု နေတန်ယာဟု ဆို
DVB
·
June 24, 2024
Photo-Reuters

ဟားမတ်စ်နဲ့ စစ်ပွဲရဲ့ ပြင်းထန်တိုက်ပွဲအဆင့် အဆုံးသတ်တော့မှာဖြစ်ပေမဲ့ ဂါဇာမှာ ဟားမတ်စ် ထိန်းချုပ်မှု အဆုံးမသတ်သရွေ့ စစ်ပွဲပြီးမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇွန် ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အစ္စရေးတပ်မတော်ဟာ လက်ဘနွန်နဲ့ မြောက်ပိုင်းနယ်စပ်ကို အာရုံစိုက်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့ကို အစ္စရေးက လေကြောင်းနဲ့ မြေပြင်ထိုးစစ် မဆင်ခင်အထိ ပါလက်စတိုင်း တသန်းကျော် ခိုလှုံနေခဲ့တာကြောင့် ရာဖာကို ထိုးစစ်မဆင်ဖို့ နိုင်ငံတကာက တောင်းဆိုခဲ့ကြပါတယ်။

ထိုးစစ်ဆင်ပြီးနောက်မှာတော့ ရာဖာကနေ လူ ၈၀၀,၀၀၀ လောက် စွန့်ခွာထွက်ပြေးခဲ့ရပြန်ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီကတော့ ကမ္ဘာပျက်သလောက်ပဲလို့ ဆိုပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ရာ အဓိကဝင်ပေါက်တခုဖြစ်တဲ့ အီဂျစ်နဲ့ ရာဖာ နယ်စပ်ဂိတ်ကိုလည်း အစ္စရေးစစ်တပ်က သိမ်းပြီးကတည်းက ပိတ်ထားပါတယ်။

ပြီးခဲ့တဲ့လက ရာဖာစစ်ဆင်ရေး ချက်ချင်းရပ်ဖို့ ICJ တရားရုံးက အမိန့်ထုတ်ခဲ့ပါတယ်။ နေတန်ယာဟုက ဂါဇာမှာ အဖမ်းခံထားရဆဲဖြစ်တဲ့ ဓားစာခံတချို့ ပြန်လွှတ်ဖို့ ဟားမတ်စ်တွေနဲ့ တစိတ်တပိုင်း သဘောတူညီချက်လုပ်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

အစ္စရေးဓားစားခံအားလုံး လွတ်မြောက်ရေး အပစ်ရပ်သဘောတူညီပေးဖို့ ပြည်တွင်းမှာလည်း ဆန္ဒပြုမှု တောင်းဆိုမှုတွေ အကြီးအကျယ် ဖြစ်ပွားနေပါတယ်။

ဒါပေမဲ့ ဟားမတ်စ်ကို အမြစ်ဖြုတ်ဖို့ဆိုတဲ့ ရည်မှန်းချက် အထမမြောက်မချင်း စစ်ပွဲကို ဆက်တိုက်သွားမှာဖြစ်သလို လက်လျှော့မှာမဟုတ်ဘူးလို့ နေတန်ယာဟုက ပြောပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013