အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက အမျိုးသား ၂ ဦး ဆေးကုသမှုခံယူနေရတယ်လို့ India for Myanmar အဖွဲ့ဆီက သိရပါတယ်။
အစာငတ်ခံ ဆန္ဒပြနေကြသူတွေထဲက ၆၆ ဦးဟာ လက်ရှိမှာ အစာငတ်ခံနေကြရဆဲဖြစ်ပြီး အများစုမှာ အိပ်ယာထဲ လဲနေကြတာကာ ၂ ဦးကတော့ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။
လက်ရှိမှာ အစာငတ်ခံ ဆန္ဒပြသူတွေထဲက အမျိုးသားကြီး ၂ ဦးဟာ အင်ဖာထောင်တွင်းက ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
India For Myanmar က ဆလိုင်းဒိုခါက “အခုသိထားသလောက်ကတော့ ထောင်ထဲမှာရှိတဲ့ ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေတယ်။ အစာငတ်ခံဆန္ဒပြသူများ အခြေအနေသိထားချက်အရ ၆၆ ဦးက ဆက်လက် ဆန္ဒပြနေပါတယ်။ အများစု အိပ်ရာက မထနိုင်တဲ့ အခြေအနေရောက်နေပြီး ၂ ဦး ဆေးကုသမှုခံယူနေတဲ့ အခြေအနေ ရောက်သွားပေမဲ့ ထောင်တာဝန်ရှိတဲ့သူတွေက ဘာမှသူတို့တောင်းဆိုချက်ကို မဆောင်ရွက်ပေးသေးပါဘူး” လို့ ပြောပါတယ်။
ထောင်တွင်းအသံတိတ် အစာငတ်ခံဆန္ဒပြရာကနေ ကြွေးကြော်သံထွက်ဆိုပြီး ဆက်လက်ဆန္ဒပြသွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
မဏိပူရ်ပြည်နယ် အင်ဖာထောင်တွင်းက အကျဉ်းသားတွေ ဇွန် ၁၆ ရက်ကစလို့ အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး ဇွန် ၁၇ ရက် ညနေမှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အင်ဖာထောင်အတွင်းက အကျဉ်းသားအများစုဟာ သူတို့ကျခံရမယ့် ပြစ်ဒဏ်ငွေဒဏ်တွေ ကျခံပြီးဖြစ်ပေမဲ့ ထောင်တွင်းမှာ နှစ်ချီဆက်လက်ထိန်းသိမ်းခံထားရသူတွေ ဖြစ်ပါတယ်။
နိုင်ငံတကာအနေနဲ့လည်း အစာငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့ India For Myanmar က တောင်းဆိုထားပါတယ်။