ရုရှားဖက်ဒရေးရှင်းထဲမှာပါဝင်တဲ့ မြောက်ပိုင်း ကော့ကေးရှပ်နယ်မြေ၊ ဒါဂတ်စတန်ဒေသက မြို့ ၂ မြို့ကို ဇွန် ၂၃ ရက်က ဂျူးဘုရားကျောင်းတကျောင်း၊ အော်သိုဒေါက်ဘုရားကျောင်း တကျောင်းနဲ့ ရဲစခန်းတခုကို သေနတ်သမားတွေ ဝင်ပစ်ခတ်ခဲ့ပါတယ်။
အော်သိုဒေါက်ဘုန်းကြီးတပါးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒါဂတ်စတန် အုပ်ချုပ်ရေးမှူး ဆာဂေးမီလီကော့ဗ်က ပြောပါတယ်။ ဒါပေမဲ့ ထိခိုက်မှုအသေးစိတ်ကိုတော့ မဖော်ပြပါဘူး။
မကာ့ချ်ကလာနဲ့ ဒါဘန့်မြို့တွေမှာ တချိန်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်း လက်ချက် ဖြစ်တယ်ဆိုတော့ အတိအကျ မထုတ်ပြန်ထားပါဘူး။
ဒါပေမဲ့ တိုက်ခိုက်သူတွေထဲမှာ ဆာဂိုကလာခရိုင် အကြီးအကဲရဲ့ သား ၂ ယောက် ပါဝင်ပြီး လက်ရှိမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
သေဆုံးသူတွေထဲ ဒါဘန့်မြို့မှာ အနှစ် ၄၀ ကျော် သီတင်းသုံးခဲ့တဲ့ အော်သိုဒေါက် ဘုန်းကြီးတပါးလည်း ပါဝင်ခဲ့ပြီး ရက်ရက်စက်စက် အသတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုကျူးလွန်သူအချို့ လွတ်မြောက်နေဆဲဖြစ်ပြီး လိုက်လံဖမ်းဆီးနေတယ်လို့ ရုရှားပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဒါဘန့်မှာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဂျူးဘုရားကျောင်းနဲ့ ချာ့ချ်ကျောင်းကို မီးတင်ရှို့ခံခဲ့ရပါတယ်။
ဒီဖြစ်စဉ်ဟာ မော်စကိုမှာ ဂီတပွဲကို IS က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၄၅ ဦး သေဆုံးခဲ့ပြီး ၃ လအကြာမှာ ဖြစ်ပွားခဲ့တာပါ။
၂၀၀၀ ပြည့်လွန်နှစ်တွေတုန်းက အစ္စလာမ္မစ် ပုန်ကန်ထကြွမှုဂယက်ဟာ အိမ်နီးချင်း ချေချင်းညာနယ်က ဒါဂတ်စတန်ဒေသအထိ ရိုက်ခတ်မှုရှိခဲ့ပါတယ်။
ရုရှားတပ်တွေဟာ အစွန်းရောက်တွေကို အပြင်းအထန်နှိမ်နင်းခဲ့ပြီး ၂၀၁၇ မှာ ဒေသတွင်း ပုန်ကန်မှုတွေကို အပြီးသတ်နှိမ်နင်းနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
Source-Reuters