Home
မြန်မာသတင်း
စားအုန်းဆီ ရည်ညွှန်းဈေး ဆက်တက်၊ ပြင်ပ၌ တပိဿာ  ကျပ် ၁၀၀၀၀ ကျော် ဈေးပေါက်
DVB
·
June 24, 2024

စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို အခုတပတ်မှာ  တပိဿာ ၅,၄၀၀ ကျပ်နှုန်းနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ဈေးနှုန်းဖြစ်တဲ့ ၅,၃၇၀ ကျပ်ထက် ၃၀ ကျပ် ပိုမို သတ်မှတ်လိုက်ပါတယ်။

ဒါပေမဲ့ ပြင်ပဈေးကွက်ပေါက်ဈေးကတော့ စာအုန်းဆီ တပိဿာဟာ ကျပ် ၁၀,၀၀၀ ကျော်ထိ မြင့်တက် ရောက်ရှိနေပြီး ဝယ်ယူရခက်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “ကတ်နဲ့ တန်းစီဝယ်မှ ဝယ်လို့ရတာ။ ကတ်မရှိဘဲ အပြင်ဆိုင်တွေမှာ သွားဝယ်ရင် ဘယ်ဆိုင်မှ မရောင်းကြ‌တော့ဘူး။ ဆိုင်မှာ တန်းစီဝယ်ထားတဲ့သူဆီက တဆင့်ပြန်ဝယ်ရင်တော့ ၁၀၀၀၀ ကျော် ပေးရတယ်” လို့ ပြောပါတယ်။

စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးနှုန်းက ပြီးခဲ့တဲ့ မေလနှောင်းပိုင်းမှာ တပိဿာကို ကျပ် ၅,၃၀၀ အောက်မှာသာ ရှိခဲ့ပြီး တလအတွင်း ကျပ် ၁၀၀ ဝန်းကျင် မြင့်တက်လာသလို ရည်ညွှန်းဈေးနဲ့အပြိုင် ပြင်ပလက်လီဈေးကလည်း တပိဿာကို ကျပ် ၈,၀၀၀ ဝန်းကျင်ကနေ ကျပ် ၁၀,၀၀၀ အထက်ကို လိုက်ပါမြင့်တက်လာတာ ဖြစ်ပါတယ်။

စားအုန်းဆီကို ဘယ်ယူပို့ဆောင်စရိတ်နဲ့ အမြတ် ၂ ရာခိုင်နှုန်းသာတင်ပြီး ရောင်းချဖို့နဲ့ တခြားဆီတွေနဲ့ ရောနှောရောင်းချတာတွေ မလုပ်ဖို့ စားသုံးသူရေးရာဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ပြင်ပဈေးကွက်မှာ စားအုန်းဆီ‌ လက်လီဈေးက ရည်ညွှန်းဈေးရဲ့ နှစ်ဆဝန်းကျင် ရှိနေပြီး ဝယ်ယူရခက်တဲ့ အခြေအနေလည်း ဖြစ်နေတယ်လို့ စားသုံးသူတွေထံက သိရပါတယ်။

တဖက်မှာလည်း ဒေါ်လာဈေးနဲ့ သယ်ယူတင်သွင်းစရိတ်တွေ မြင့်တက်နေတာကြောင့် စားအုန်းဆီဈေး မြင့်တက်လာတာဖြစ်ပြီး ‌ဈေးကွက်ထဲ ပစ္စည်းရှားပါးနေတာကြောင့်လည်း ဈေးမြင့်လာတာ ဖြစ်တယ်လို့ ဆီကုန်သည်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံရဲ့ စားအုန်းဆီတင်သွင်းမှုက တနှစ်ကို တန်ချိန် ၈ သိန်းကျော်ရှိပြီး တရားမဝင် ဝင်ရောက်တဲ့ စားဆီတွေ အပါအဝင် စုစုပေါင်း တင်သွင်းမှုက တနှစ်ကို တန်ချိန် တသန်းခန့်အထိ ရှိ‌ေနပါတယ်။

အခုလို စားအုန်းဆီစျေးနှုန်း တစတစ ပြန်မြင့်တက်လာတာက ငွေကြေးဖောင်းပွမှု၊ စီးပွားရေး ကျဆင်းပြီး ဝင်ငွေလျော့နည်းလာမှုနဲ့ ကြုံတွေ့နေရတဲ့ အခြေခံပြည်သူတွေအတွက် ထိုးနှက်ချက်တခု ဖြစ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013