Home
မြန်မာသတင်း
မောင်တောတွင် စစ်ဘေးရှောင်ရိုဟင်ဂျာများ စားဝတ်နေရေး အခက်အခဲကြုံနေ 
DVB
·
June 24, 2024

အာရက္ခတပ်တော် (AA) က မောင်တောမြို့ကို စစ်ဆင်ရေးတွေ စတင်လာခဲ့ပြီး  ဇွန် ၁၆ ရက်နေ့မှာ တော့ မောင်တောမြို့နယ်က ရွာတွေ၊ ရပ်ကွက်တွေကို စစ်တပ်နဲ့‌ဝေးရာ နေရာတွေကို ရွှေ့ပြောင်းဖို့အမိန့်ထုတ်လိုက်တာကြောင့် ရိုဟင်ဂျာ ၁၅ ရွာလောက် တိမ်းရှောင်ထွက်ပြေးနေရပြီး ရာသီဥတုပြင်းထန်ကာ မိုးရွာနေတာကြောင့် စား၀တ်နေရေး ခက်ခဲနေကြပါတယ်။

မောင်တောဒေသခံတဦးက “မောင်တောမှာက ရပ်ကွက် ၃ ခုလောက်ပဲ ကျန်တယ် အကုန်ပြေးလိုက်ရတယ်။ တောင်ဘက်မှာက ရိုဟင်ဂျာတွေ မရှိတော့ဘူး၊ အလယ်သံကျော်မှာတော့ ၁၀၀ ကျော်လောက်ရှိတယ်။ သူတို့ကိုလည်း မောင်းထုတ်တယ်၊ ၃ ရက်လောက်တော့ လယ်ကွင်းတွေမှာပဲ နေကြတယ်။ သူတို့ကို ဘူးသီးတောင်ဘက်ကို ပြေးခိုင်းတယ်၊ အဲဒီဘက်မှာက AA လက်နက်ကိုင်တွေ ရှိတယ်၊ မောင်တောဘက်ကို ပြေးရင်လည်း စကစတပ်တွေ ရှိတယ်၊ မပြေးရဲဘူးဆိုပြီး လယ်ကွင်းတွေမှာပဲ နေကြတယ်။ မိုးကလည်း အရမ်းရွာနေတာ ဘာမှ အမိုးအကာတွေ စားစရာ ဆန်တွေကအစ သယ်သွားခွင့် မပြုဘူး။ နောက် AA တွေ ပြန်သွားတော့ သူတို့အိမ်တွေကို ပြန်တက်နေကြတယ်။ အားလုံး ၁၅ ရွာလောက်ရှိတယ် အကုန်ပြေးရတယ်” လို့ ပြောပါတယ်။

AA တပ်က စစ်တပ်နဲ့ဝေးရာ ပြောင်းရွှေ့နေကြဖို့ အမိန့်ထုတ်ထားပေမဲ့ ပြေးစရာ မြေမရှိတော့ဘူးလို့ စစ်ဘေးရှောင် ရိုဟင်ဂျာတယောက်က ပြောပါတယ်။

“၁၆ ရက်နေ့ကို ထွက်ပေးဖို့ ပြောတဲ့အချိန်မှာ မိုးကများပြီး ရေကြီးနေတော့ ဘယ်မှ ပြေးစရာမရှိဘူး။ ရခိုင်တွေက ပြေးစရာ ရခိုင်ရွာတွေ ရှိတယ်။ ကျနော်တို့မှာက ရိုဟင်ဂျာရွာတွေ မရှိတော့ဘူး၊ မြောက်ဘက်မှာဆိုလည်း လေး ငါးရွာလောက်ပဲ ကျန်တော့တာ။ ဒါပေမဲ့ အဲဒီရွာတွေမှာလည်း ၁၀ အိမ်၊ ၁၅ အိမ်လောက်ပဲရှိတာ။ အဲဒါတွေအများစုကလည်း စကစ ရဲ့ သတင်းပေးတွေ များတယ်။ မြို့ပေါ်ကလူတွေ မောင်တောတောင်ဘက်ကို သွားပြီးတော့ ပြေးနေဖို့ နေစရာမရှိဘူး၊ မြောက်ဘက်လည်း ပြေးစရာမရှိဘူး၊ ဘင်္ဂလားဘက်ကိုလည်း သွားလို့မရဘူး။ တရွာမှာဖြစ်ရင် နောက်တရွာကိုပြေး၊ အဲဒီမှာဆက်ဖြစ်ရင် နောက်တနေရာကို ပြေးပြီး နေနေရတာ။”

ဇွန် ၂၂ ရက်မှာ စစ်ကောင်စီတပ်က မောင်တောမြို့က WFP ရဲ့ ဆန်ဂိုထောင်ကို ဖောက်ပြီးနောက်ပိုင်း စားဝတ်နေရေး ပိုအခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံရိုဟင်ဂျာတဦးက ပြောပါတယ်။

“၂၂ ရက်နေ့ ညဘက်မှာ ရိုဟင်ဂျာတွေရဲ့ ထန်းသုံးပင်ရွာကို AA က ခြေကုပ်ယူထားတာကို စကစက ‌ဗုံးကြဲတယ်၊ အဲဒီမှာ ၈ ယောက်လောက် သေတယ်၊ ၂၀ ကျော်လောက် ဒဏ်ရာတွေ ရတယ်၊ ဒီမှာဆေးရုံလည်း မရှိတော့ဘူး ဆေးကုပေးမယ့်သူလည်း မရှိဘူး။ အဲဒီနေမှာပဲ ၄ မိုင်ဘက် စကစ က ဂျက်နဲ့ ‌ဗုံးကြဲတယ်။ ဟင်ဒူတယောက် နဲ့ ရိုဟင်ဂျာတယောက် သေတယ်၊ ၆ ယောက် ဒဏ်ရာရတယ်။ မနေ့က ညနေပိုင်းမှာ စကစ က WFP ရဲ့ ဆန်ဂိုဒေါင်တွေကို ဖောက်ပြီးဆန်တွေ သယ်သွားတယ်၊ ပြီးတော့ ဂိုဒေါင်ကို မီးရှို့ခဲ့တယ်။ စကစ တွေပြန်သွားတော့ အနီးအနားမှာရှိတဲ့ ရိုဟင်ဂျာတွေက ဂိုဒေါင်ထဲမှာ နည်းနည်းကျန်နေတဲ့ ဆန်တွေကို ယူကြတာပေါ့။ သူတို့လည်း အဲဒီမှာ ဆန်၀ယ်မရဘူးလေ၊ စကစ တွေ မြန်မြန်ပြေးရင်ပြေးမှပဲ ဒီမှာက လူတွေ ငတ်နေကြပြီ။ ဒီလိုမိုးရာသီမှာ အပြင်မှာ ဘယ်မှာမှ ခိုစရာမရှိဘူး။”

လတ်တလောမှာတော့ မောင်တောဒေသမှာ စစ်ကောင်စီအထိုင်တပ်အနည်းငယ်ပဲ ကျန်နေခဲ့ပြီး တိုက်ပွဲတွေကတော့ မောင်တော မြို့ပတ်၀န်းကျင်နဲ့ မြောက်ပိုင်းဘက်မှာ ဆက်လက်ဖြစ်နေပါတယ်။ 

ရိုဟင်ဂျာတွေကတော့ လက်ရှိ အတည်တကျ စစ်ဘေးမရှောင်နိုင်ကြပေမဲ့ မောင်တောမြို့ ရပ်ကွက်တချို့မှာတော့ စစ်ဘေးရှောင် ၅၀,၀၀၀ ခန့် လှည့်လည်နေကြရတယ်လို့ သိရပါတယ်။

AA က ဇွန် ဒုတိယပတ်အတွင်းမှာပဲ မောင်တောမြို့နယ်ထဲက  နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း မောရဝတီဗျူဟာနဲ့ နခေါင်းတိုစခန်းတွေကို သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013