Home
နိုင်ငံတကာ
ထိုင်းတွင် ယူရိုဘောလုံးပွဲလောင်းကစားဒိုင်ဖွင့်သူ ၆၀ ကျော်ကို ဖမ်းဝရမ်းထုတ်၊ ဘတ် သန်းပေါင်း ၃၀၀ သိမ်းဆည်း 
DVB
·
June 24, 2024
Photo - MGR Online

ယူရိုဘောလုံးပွဲ အပါအဝင် တခြားအွန်လိုင်းလောင်းကစားပွဲတွေ ဒိုင်ဖွင့်လှစ်နေတဲ့ ဂိုဏ်း  ၂ ဂိုဏ်းက လူပေါင်း ၆၀ ကျော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ ထိုင်းနိုင်ငံ ဆိုင်ဘာရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားပြီး ပိုင်ဆိုင်မှုဘတ်သန်းပေါင်း ၃၀၀ ကျော်ကို သိမ်းဆည်းလိုက်ပါတယ်။ 

ထိုင်းယူရိုဘောလုံးလောင်းကစားမှုတိုက်ဖျက်‌ရေးစီမံချက် Shutdown Euro BET အရ လောင်းကစားလုပ်နေတဲ့ နေရာတွေ လိုက်လံစုံစမ်းနေတာမှာ Wm88 vip နဲ့  X-stand.com အမည်ရှိ ဝက်ဘ်ဆိုက် ၂ ခုဟာလည်း လက်ရှိကျင်းပနေတဲ့ UEFA EURO 2024 ယူရိုဘောလုံးပွဲ လောင်းကစားမှုအပါအဝင် တခြားအွန်လိုင်းလောင်းကစားမှုတွေ ဒိုင်လုပ်ပေးနေကြောင်း  သိရတဲ့အတွက် သွားရောက်ဖမ်းဆီးနှိမ်နင်းခဲ့တယ်လို့ ဆိုင်ဘာရဲတပ်ဖွဲ့တာဝန်ရှိ ရဲမှူးချုပ် ဝေါ်လဝပ် ဝပ်နခွန်းဘန်းချားက ဇွန် ၂၁ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဆိုပါလောင်းကစားဒိုင် ၂ ခုဟာ ၂၀၂၄ ဇန်နဝါရီမှ ဇွန်အထိ လောင်းကစား လုပ်နေရာမှာ လည်ပတ်ငွေ ဘတ်သန်းပေါင်း ၁၄၀၀ ကျော်ရှိကြောင်း၊ ဂိုဏ်းနဲ့ ပတ်သက်သူ စုစုပေါင်း ၆၄ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်၊ အဲဒီထဲမှာ ငွေလွှဲတာဝန်ယူသူ ၁၁ ဦး၊ ငွေကြေးလည်ပတ်မှုတာဝန်ခံ ၃၇ ဦး၊ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်သူ ၆ ဦး၊ ငွေထုတ်သူ ၄ ဦး၊  အကျိုးအမြတ်ရယူသူ ၆ ဦး  (တရုတ်နိုင်ငံသား ၅ ဦး နဲ့ ကမ္ဘောဒီးယား ၁ ဦး) တို့ ပါဝင်တယ်လို့ ဆိုပါတယ်။ 

သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တဲ့ ပထမတနေရာမှာ ဘန်ကောက် ဝပ်ထနားနယ်မြေ ထောင်းလော်ရပ်ကွက်၊ ဆိုင်ထောင်းလမ်းက တိုက်အိမ် ၁ လုံးဖြစ်ပြီး လောင်းကစားမှုအကျိုး အမြတ်ရသူ တရုတ်နိုင်ငံသား  Mr.Xiang Zhang (၄၂ နှစ်) နဲ့ Mrs.Zhang Huiqing ( ၃၇ နှစ် ) တို့ ဇနီးမောင်နှံတို့ကို ဖမ်းဆီးထားတယ်။

ဒါ့အပြင် သူတို့ပိုင်ဆိုင်တဲ့ ငွေသား ၁၃,၈၃၀,၀၀၀ ဘတ်၊ အမေရိကန်ငွေ ၃၂၀၀ ဒေါ်လာ၊ ဘတ်သန်း ၂၀ တန် ဇိမ်ခံကား ၁ စီး၊ ဘတ် ၃ သန်းတန် မာစီဒီးကား ၁ စီး၊  ဘတ် ၂ သန်းတန် GWM ကား ၁ စီး၊ ဘဏ်စာရင်းထဲရှိ ငွေသား ၈၆, ၇၄၉, ၅၇၂၊ ဘတ် ၈၈ သန်းနဲ့ ဝယ်ထားတဲ့ တိုက်အိမ်၊ ကွန်ဒိုနဲ့ မြေဂရန် ၁၁ ခု၊ တန်ဖိုးကြီးအမှတ်တံဆိပ် လက်ပွေ့အိတ်မျိုးစုံ  စသဖြင့် စုစုပေါင်း ဘတ် ၂၈၇, ၃၉၆, ၇၁၃ သန်းကို သိမ်းဆည်းခဲ့တယ်။

သူတို့လင်မယားကတော့ အွန်လိုင်းလောင်းကစားမှုနဲ့ မပတ်သက်ကြောင်း ငြင်းဆိုထားပြီး အဲဒီငွေတွေဟာ တရုတ်ပြည်မှာ ကြော်ငြာလုပ်ငန်းကရထားပြီး ထိုင်းမှာ အေးအေးဆေးဆေး လာနေတာလို့  ပြောပါတယ်။ 

နောက်ထပ်တနေရာကတော့ ဝပ်ထနားနယ်မြေ၊ ဆုခိုဝစ် ၃၉ လမ်း၊ ဖလွမ့်ဖုန်းကွန်ဒို တိုက်ခန်းမှာပါ။ အဲဒီကနေ  တရုတ်နိုင်ငံသား Mr.Jun Xia (၃၆နှစ်) နဲ့ ထိုင်းနိုင်ငံသား ၄ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ငွေသား ဘတ် ၂, ၂၆၀, ၀၀ ဘတ်၊ ဘတ် သန်းပေါင်း ၂၀ တန်ဖိုးရှိ တိုယိုတာကား ၅ စီး၊ စုစုပေါင်း ဘတ် ၂၂ ,၅၈၀ ,၀၀၀ တို့ကို သိမ်းဆည်းခဲ့တယ်။

သူတို့ ၇ ဦးကို  တရားမဝင်လောင်းကစားဒိုင်ဖွင့်မှု၊ တပါးသူအား လောင်းကစားထဲ ပါဝင်လာအောင် ဆွဲဆောင်သိမ်းသွင်းမှု၊ ကွန်ပျူတာဥပဒေ၊ ငွေကြေးခဝါချမှုတွေနဲ့ အမှုဖွင့်ထားပြီး ကျန်သူတွေလည်း ဆက်လက်စုံစမ်းဖမ်းဆီးသွားမယ်လို့ ဆိုင်ဘာရဲတပ်ဖွဲ့က ပြောပါတယ်။ 

Source:  MGR Online / Thairath 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013