ကွင်းထဲကို ပရိသတ်တွေ ထပ်မံမဝင်ရောက်စေဖို့ လုံခြုံရေးပိုင်း ပိုမိုတင်းကျပ်သွားမယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က ထုတ်ပြန်သွားပါတယ်။
ပေါ်တူဂီအသင်းက တူရကီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ယူရိုအုပ်စုပွဲစဉ်မှာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုကို ပွေ့ဖက်ကာ ဓာတ်ပုံရိုက်လိုတဲ့ ပရိသတ်တွေ များပြားခဲ့ပြီး ကွင်းထဲဝင်ရောက်မှု ၆ ကြိမ်အထိ ရှိခဲ့တာပါ။
လုံခြုံရေးတွေက ကွင်းထဲဝင်ရောက်လာသူတွေကို တားဆီးမှုမှာ ပေါ်တူဂီတိုက်စစ်မှူး ဂွန်ဇာလိုရာမို့စ်ဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတာပါ။
အဲဒီပွဲစဉ်အပြီးမှာ UEFAက အစည်းအဝေးလုပ်ခဲ့ပြီးနောက် နောက်ထပ် ပွဲစဉ်တွေမှာ ပရိသတ်တွေ ကွင်းထဲ ထပ်ပြီးမဝင်ရောက်နိုင်ဖို့ လုံခြုံရေးပိုင်းကို ပိုမိုတင်းကျပ်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ခရိုအေးရှားနဲ့ အယ်လ်ဘေးနီးယားပွဲစဉ်မှာလည်း အယ်လ်ဘေးနီးယား ပရိသတ်တဦးကွင်းထဲ ဝင်ရောက်ခဲ့လို့ တားဆီးခဲ့ရပါသေးတယ်။