စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အင်းတော်မြို့နဲ့ ၁၀ မိုင်အကွာက နံ့သာစစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ၊ အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇွန် ၂၂ ရက်နေ့ ညပိုင်းက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ အင်းတော် PDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ဇွန် ၂၃ ရက်နေ့ မနက်ပိုင်းအထိ ဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒေသခံတယောက်က “မနေ့ ည ၁၀ နာရီထိုးခါနီးလောက်မှာ ဂျက်လေယာဉ်နဲ့ တခါ လာပစ်သွားတယ်၊ ပစ်ပြီးတဲ့နောက်လည်း ခဏဝဲနေသေးတယ်။ နံ့သာ ပတ်ဝန်းကျင်မှာ တိုက်ပွဲလည်း ဖြစ်နေတုန်းပဲ၊ ဒီမနက်အထိ ဖြစ်နေတယ်” လို့ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ နံ့သာရွာဟာ အင်းတော်အထွက် ထီးချိုင့်သွားတဲ့ ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာဖြစ်ပြီး အဲဒီနေရာပတ်ဝန်းကျင်ကို အင်းတော်မြို့က စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးပစ်ကူပေးတာ ရှိတယ်လို့လည်း သိရပါတယ်။
အင်းတော်မြို့နယ်အတွင်း နမ့်စီးအောင်မှာလည်း မိုးညှင်းဘက်ကနေ ရောက်ရှိလာတယ်လို့ ယူဆရတဲ့ SNA တပ်သား ၁၀၀ ဝန်းကျင်ရှိနေပြီး နမ့်စီးအောင်က အမျိုးသားတယောက်ကိုလည်း SNA တပ်သားတွေက ဝိုင်းဝန်းရိုက်နှက်ထားတယ်လို့ သိရပါတယ်။
မိုးညင်းမြို့နယ်မှာလည်း တာမခန်နဲ့ အင်းတော်ကြီးကြားက ညောင်ပင်၊ ခွေလုံ၊ ချောင်းဝ သုံးနေရာမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဇွန် ၂၂ ရက်နေ့ မနက် ၅ နာရီလောက်ကနေ ကေအိုင်အေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ အင်းတော်ကြီး ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ နေရာသုံးခုကို စစ်ကောင်စီ လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာ ရှိသလို ဂျန်လိုင်တောင်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေလဲ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဂျန်လိုင်ဘွမ်ဘက်ကရော လက်နက်ကြီးတွေနဲ့ ပစ်ပေးတာတွေ ရှိတယ်။ လေယာဉ်နဲ့ရော တိုက်ပွဲဖြစ်တဲ့နေတဲ့ သုံးနေရာလုံးကို လေယာဉ်နဲ့ လာပစ်သွားတယ်လို့ ကြားတယ်။ အခု ညနေအထိတော့ စခန်းသိမ်းနိုင်တယ်လို့တော့ မကြားသေးဘူး။ ဝိုင်းထားတဲ့ အခြေအနေပဲ ရှိသေးတယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိင်တယ်လို့ ဒေသခံတွေကပြောပြီး တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဟာ ကျေးရွာအနီးမှာ ဖြစ်တာကြောင့် ကျေးရွာကပြည်သူတွေ နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရသလို နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိနိုင်တယ်လို့ အင်းတော်ကြီး ဒေသခံတယောက်က ပြောပါတယ်။
“ညောင်ပင်ရွာ ဆိုရင်လည်း ရွာအဝင်က စစ်တပ်စခန်း ရှိတယ်။ ချောင်းဝဆိုလည်း ရွာအထဲမှာ ဝှေလုံတပ်လည်း ရွာအဝင်မှာဆိုတော့ ပြည်သူတွေက ပြေးနေရပြီး လက်နက်ကြီးတွေလည်း ပစ်တယ်ဆိုတော့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးတာ ရှိနိုင်တယ်။ ဥရုခြမ်းဘက်ကို ရှောင်တဲ့သူလည်း ရှိတယ်။ မိုင်းနှောင်၊ နာမွန် အခြမ်းဘက်ကို ရှောင်တာလည်း ရှိတယ်” လို့ပြောပါတယ်။
တိုက်ပွဲတွေကြောင့် သွားလာရေး အခက်အခဲဖြစ်လာနိုင်သလို မိုးတွင်းမှာဖြစ်တဲ့ ရောဂါတွေအတွက် ဆေးဝါးလိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အင်းတော်ကြီးဒေသမှာ လုံတုံနဲ့ ဂျန်လိုင်တောင် နေရာတို့မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်တွေ အခိုင်အမာ နေရာယူထားတယ်လို့ သိရပါတယ်။