ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြိုနယ်မှာ ဒေသခံ ၂ ယောက်ကို စစ်တပ်က အေအေနဲ့ပတ်သက်တယ်လို့ စွပ်စွဲ ဖမ်းဆီးခဲ့ပြီး ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှဦတော့ ဖေ့စ်ဘွတ်ခ်မှာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ စာတွေရေးသားတယ်လို့စွပ်စွဲပြီး အမျိုးသား ၁ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်၊ အုန်းတောရွာက ပြည်သူ ၂ ယောက်ကို ဇွန် ၂၂ ရက်နေ့ နေ့လယ်ပိုင်းက အုန်းတော အ.လ.က ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ULA/AA နဲ့ ဆက်စပ်မှုရှိနိုင်တယ် ဆိုတဲ့ သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတယ်လို ကျောက်ဖြူမြို့ ဒေသခံတယောက်က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ အုန်းတောကျေးရွာက အသက် ၂၂ နှစ်အရွယ် ကိုစံထွန်းစိုး(ခ)စိုးဝေမြင့် နဲ့ အသက် ၂၆ နှစ်အရွယ် ကိုစိုးချေ(ခ)သင်္ကြန်အောင် တို့ဖြစ်ကြပြီး စာသင်ကျောင်းရှေ့က ဖြတ်သွားတဲ့ အချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီနောက် မွန်းလွဲ ၁ နာရီလောက်မှာ ကျောက်ဖြူမြို့က စစ်ကောင်စီတပ်သား ၁၅ ယောက်လောက် စစ်ကားတစီး၊ အိမ်စီးကားတစီးနဲ့ ရောက်လာပြီး ဖမ်းထားသူတွေကို ကားနဲ့ ကျောက်ဖြူမြို့ဘက်ကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က ကျောက်ဖြူမြို့နယ်အတွင်းမှာ ဒေသခံပြည်သူ ၂၀၀ လောက်ကို ULA/AA နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲ ဖမ်းဆီးခဲ့ကြသလို ဒေသခံပြည်သူတချို့ကိုလည်း ဒေသန္တရဥပဒေနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့စာတွေ ရေးသားတယ်လို့ စွပ်စွဲပြီး အမျိုးသား ၁ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူဟာ မော်လမြိုင်ကျွန်းမြို့၊ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုမင်းထက်ပိုင် ဆိုသူဖြစ်ပြီး ဇွန် ၂၁ ရက် နေ့လယ်ပိုင်းက နေအိမ်ကို စစ်သားနဲ့ ရဲတွေက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်သားနဲ့ရဲ ၁၀ ယောက်လောက်က အိမ်ပေါ်တက်ပြီး လာဖမ်းသွားတာ။ ဥပဒေနဲ့မညီတဲ့ စာတွေရေးတင်လို့ စစ်ဆေးဖို့ရှိလို့ ဖမ်းတာလို့ ပြောသွားတာ။ အသေးစိတ် သိချင်ရင် ရဲစခန်းကိုသွားလို့ ပြောသွားတာ” လို့ ပြောပါတယ်။
ကိုမင်းထက်ပိုင်ကို အမှတ် ၅၃၄ မော်လမြိုင်ကျွန်း ခြေမြန်တပ်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိ မော်လမြိုင်ကျွန်းမြို့ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
သူ့ကို နိုင်ငံတော်အစိုးရ အကြည်ညိုပျက်စေရန်၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်အတွက် မမှန်သတင်းတွေကို လူမှုကွန်ရက်ကတဆင့် ဖြန့်ဝေမှုတွေနဲ့ စွပ်စွဲပြီး မော်လမြိုင်ကျွန်းမြို့ ရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၀၅(က) နဲ့ အမှုဖွင့်ထားပြီး အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေနဲ့ပါ တရားစွဲဆိုဖို့ လုပ်နေတယ်လို့ သိရပါတယ်။