မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းကြီး ၂ ပါးနဲ့ အရပ်သားပြည်သူ ၂ ယောက် ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တလုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီက ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီး ၂ လုံးဟာ ခရွဲကျေးရွာက တောင်ကျောင်းဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ တောင်ကျောင်း ကျောင်းထိုင်ဆရာတော်နဲ့ ဦးဇင်းတပါး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၇၅ နှစ်အရွယ် ဦးစံတင်က ခြေထောက်ထိခိုက်ဒဏ်ရာ၊ အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းမြင့်က ပေါင်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျောင်းဆောင်လည်း ပျက်စီးခဲ့ပါတယ်။
မွန်းလွဲ ၄ နာရီလောက်မှာလည်း အမတ ၃၁၀ က ၁၂၀ မမ လက်နက်ကြီး ၁ လုံးထပ်ပစ်ခဲ့ပြီး မုက္ခမော့ရွာ၊ အောင်နဝင်းဘုန်းကြီးကျောင်းဘေးက နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်လုံးဝ ပျက်စီးခဲ့ပါတယ်။
ကျိုက်ထိုဒေသခံတယောက်က “တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၃ လုံးပစ်လိုက်တာ၊ ၂ လုံးက ခရွဲရွာ ဘုန်းကြီးကျောင်းပေါ်ကျပြီး တလုံးက မုက္ခမော့ရွာဘုန်းကြီးကျောင်းဘေးအိမ်ကိုကျတာ။ ခရွဲရွာ တောင်ကျောင်းဘုန်းကြီးကျောင်းပေါ်ကျပြီး ဘုန်းကြီး ၂ ပါးနဲ့ အဘိုး၊ အဘွား ၂ ဦးဒဏ်ရာရတယ်။ အဘိုးအိုကလည်း ခြေထောက်ဖြတ်ရမယ်ဆိုတော့ စိုးရိမ်ရတယ်။ အဘိုး၊ အဘွားကိုတော့ ဆေးရုံတင်ရတယ်။ ဘုန်းကြီး ၂ ပါးကတော့ မစိုးရိမ်ရတော့ ဆေးရုံမတင်ရဘူး” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ ဘုန်ကြီး ၂ ပါးနဲ့ ပြည်သူ ၂ ယောက်ထဲက ဒဏ်ရာများတဲ့ ဦးစံတင်ကို ပဲခူးဆေးရုံကြီးမှာ ဆေးကုသနေပြီး ဒဏ်ရာနည်းတဲ့ ဒေါ်စန်းမြင့်ကိုတော့ သိမ်ဇရပ်ဆေးရုံမှာ ဆေးကုသနေပါတယ်။
စစ်ကောင်စီက ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာနဲ့ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံအများအပြားလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာမှာလည်း ဇွန် ၂၀ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ကလည်း အမတ ၃၁၀ ကပစ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ကျိုက်ထိုမြို့နယ်၊ အခိုင်ကျေးရွာနဲ့ သုံးခွကျေးရွာကြားထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၂ ယောက် သေဆုံးခဲ့ပါတယ်။