ရခိုင်ပြည်နယ် သံတွဲမြို့နဲ့ကပ်လျက် ရွှေကျောင်းပြင်ရွာကို ဇွန် ၂၂ ရက်ညမှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံ ၂ ဦးသေဆုံး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ရွှေကျောင်းပြင်ရွာဟာ အိမ်ခြေ ၁၅၀၀ ရှိပြီး လေကြောင်းဗုံးကြဲမှုကြောင့် ဂျိတ်က္ကတောင်ပိုင်းက နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နေအိမ်ပေါ်ဗုံးကျတာကြောင့် ကိုရှိန်းငယ်နဲ့ မမေသန်းလွင်တို့ ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကတော့ ဒေါ်နု၊ ကိုချစ်မင်းစံနဲ့ သူ့ရဲ့ ယောက္ခမ မလှဝင်းတို့ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
“ယောက္ခမဖြစ်သူက အခြေအနေဆိုးနေတယ်တဲ့၊ ခုတော့ ခွဲခန်းဝင်နေတယ်တဲ့၊ အောက်ပိုင်းက လှုပ်မရတော့ဘူး ပြောတယ်။ ဆရာဝန်က ရန်ကုန်ကို အရေးပေါ်လွှတ်တယ်တဲ့၊ ဆေးကုစရိတ်နဲ့ သွားလာစရိတ်ဆို သိန်း ၃၀ လောက် ကုန်မယ်ပြောတယ်တဲ့။ သူတို့မှာက ငွေကြေးမရှိတော့ လူကို ဆုံးရှုံးရမယ် ဖြစ်နေတယ်တဲ့။”
ရွှေကျောင်းပြင် ဘုန်းတော်ကြီးကျောင်း တောင်ခြေရင်းမှာ အသွားအလာတွေကို စစ်ဆေးတဲ့ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ် ဖွင့်ထားပါတယ်။
အာရက္ခတပ်တော် (AA) က အစည်းအဝေး လုပ်တာကို ဗုံးလာကြဲတာလို့ ဒေသခံတွေကြားမှာ ပြောဆိုနေပေမဲ့ စစ်ကောင်စီတပ်ဂိတ် ဖွင့်ထားတဲ့နေရာမှာ AA အစည်းအဝေး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောဆိုတာတွေ ရှိနေပါတယ်။
သံတွဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ အဲဒီရွှေကျောင်းပြင်ရွာမှာတော့ တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ရှောင်တွေ ခိုလှုံတာမျိုး ရှိနေတာသာဖြစ်ပြီး အခုတော့ လေယာဉ်နဲ့ ဗုံးတလုံး ကြဲချခံရတာလို့ ဆိုပါတယ်။
ဒီနေ့ ဇွန် ၂၃ ရက် မနက်ပိုင်းမှာလည်း ရွှေကျောင်းပြင်ရွာလယ်လမ်းမကြီးနားကို လက်နက်ကြီး ကျပြီး အိမ်တလုံး ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိချိန်မှာတော့ ဗုံးကြဲခံရတဲ့ ရွှေကျောင်းပြင်ရွာရှိ နေအိမ် ၄၀ လောက်က ဒေသခံတွေဟာ အနီးအနားက ခြံပြင်၊ လက်ပံစုကျေးရွာတွေနဲ့ သံတွဲမြို့တွင်းတို့ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။
ဇွန် ၂၀ ရက်နဲ့ ၂၁ ရက်တို့ကလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာနဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် သံတွဲဒေသခံပြည်သူ ၅ ယောက် သေဆုံးခဲ့ပါသေးတယ်။