Home
မြန်မာသတင်း
ကလေးနှင့် ကော့သောင်းက တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦး ကျဆုံး
DVB
·
June 23, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက ဆည်ကြီးရွာတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ယောက် ကျဆုံးပြီး တနင်္သာရီတိုင်း၊ ကော့သောင်းက စစ်ကောင်စီရဲစခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ရင်း တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ပါတယ်။

ဇွန် ၂၂ ရက်နေ့မနက်ပိုင်းက ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ကလေးမြို့နယ်၊ ဆည်ကြီးရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက‌ မြို့တွင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူနေတာလို့ဆိုပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ကလေးမြို့မြောက်ပိုင်းက ဆည်ကြီးနဲ့ အောင်မြင်သာရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ ခွေးတွေကိုသွားတိုက်ရင်း ကျနော်တို့ တို့ရဲဘော် ၂ ဦး ကျဆုံးခဲ့ရတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း အများအပြားထိခိုက်သေဆုံးတာတွေရှိပြီး တိုက်ပွဲက မပြီးသေးဘူးလို့ ပကဖ ရဲဘော်တယောက်က ပြောပါတယ်။

ကလေးမြို့တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တယောက်က “ကျနော်တို့ မနက် ၃ နာရီလောက်ကစပြီး ဆည်ကြီးကို ဝင်တိုက်တာဗျ။ အဲဒီမှာ တိုက်ပွဲတွင်းမှာတော့ ကျနော်တို့ဘက်က KKG က ၁ ယောက် SR 6 က ၁ ယောက်၊ ရဲဘော် ၂ ယောက်ကျထားတယ်။ စစ်တပ်က မြို့ထဲကနေလည်း လက်နက်ကြီး‌တွေနဲ့ တောက်လျှောက်ပစ်ကူတာမျိုးရှိတယ်” လို့ပြောပါတယ်။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၁၀၀၀ နီးပါးရှိတဲ့ ဆည်ကြီးရွာက ဒေသခံတွေကတော့ ဧပြီ ၅ ရက် နေ့မှာ ရွာကို စစ်ကောင်စီစစ်ကြောင်းထိုးကတည်းက ကျေးရွာတွင်းမှာ မနေထိုင်ကြတော့ဘဲ ဘေးလွတ်ရာနေရာတွေမှာတိမ်းရှောင်နေကြတာပါ။

ဆည်ကြီးကျေးရွာဟာ ဒိုးဝိုင်းချောင်း-ရာဇဂြိုလ်လမ်းမပေါ်မှာတည်ရှိပြီး ကလေးမြို့နဲ့ ၃ မိုင်လောက် ကွာဝေးပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူတယောက်က “ဒီနေ့မနက်ပိုင်းကတည်းက အဲဒီရွာတွေက ရွာခံတွေအားလုံး ထွက်ပြေးကြရတယ်လို့ သိရတယ်။ အဲဒီ ရွာတွေဘက်ကို စစ်တပ်ဘက်က ဖုန်းလိုင်းတွေလည်းဖြတ်ထားတော့ ဘာမှအတိအကျတော့မရသေးဘူး” လို့ ပြောပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး အထိနာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့မြောက်ပိုင်းက အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိတဲ့ ပြည်တော်သာကျေးရွာ အပါအဝင် ကျေးရွာ ၁၀ ရွာနီးပါးက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ပြည်သူ ၁၀,၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

Photo - မေလအတွင်းက စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်တော်သာကျေးရွာ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊  ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာက  စစ်ကောင်စီ ရဲစခန်းကုန်းကို  ဒေသတွင်းတော်လှန်ရေးအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုမှာ တော်လှန်ရေးရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန် ၂၂ ရက်နေ့ မနက် ၆ နာရီလောက်မှာ မာရမ်းဒေသ၊ မာရမ်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ရဲစခန်းကုန်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)က ဝင်ရောက်တိုက်ခိုက်ရာမှာ လက်နက်ကြီး မတော်တဆ ပေါက်ကွဲပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “စကစဖက်က ၂ ယောက် ထိတယ်။ မသေမရှင်ဖြစ်ပြီး ဆေးရုံတင်ထားရတယ်လို့ သတင်းကြားရတယ်။ ကျနော်တို့ ပကဖဘက်က ၄ဝ မမ ကျည်ကွဲပြီး ကိုယ့်လက်နက်နဲ့ကိုယ် ပြန်ထိသွားတာပါ” လို့ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်အင်အားအသာစီးနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တယောက် ကျဆုံး ခဲ့တဲ့အတွက်  တိုက်ပွဲဖြစ်ပွားပြီး  မိနစ် ၄၀ အကြာလောက်မှာ ပြန်လည် ဆုတ်ခွာလာခဲ့ကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က ခမောက်ကြီးမြို့၊ ရှမ်းကိုးရွာဒေသက ဝိုင်ဒင်းကျေးရွာမှာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး ဥယျာဉ်ခြံမြေတခြံနဲ့ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013