မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့ဟာ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကို ရှင်းလင်းတင်ပြဖို့နဲ့ ပြည်သူတွေရဲ့အသံနဲ့ အကြံပြုချက်တွေကိုရယူဖို့ လူမှုအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဇွန် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
NMSP-AD အဖွဲ့ဟာ လုပ်ဆောင်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေ ရှင်းလင်းတင်ပြတာနဲ့ လူထုအသံ နားထောင်နိုင်ဖို့အတွက် လူမှုကူညီရေးအသင်းတွေနဲ့ ဇွန် ၁၉ ရက်နေ့က လွတ်မြောက်နယ်မြေတနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ လူမှုအသင်းအဖွဲ့အသီးသီးက ကိုယ်စားလှယ် ၁၈၀ ကျော်တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နဲ့ ဒေသတာဝန်ခံတွေ ဆွေးနွေးခဲ့ပါတယ်။
NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က “အဓိကကတော့ ကျနော်တို့ လုပ်ဆောင်မှု စစ်ရေး နိုင်ငံရေးအခြေအနေကို လူတွေ့ တွေ့ဆုံတဲ့ဆွေးနွေးပွဲ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ရဲ့လုပ်ဆောင်မှုတွေ ရှင်းလင်းတင်ပြတယ်၊ လူထုအသံ နားထောင်တယ်။ ဒီအပေါ်မှာ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ လုပ်ငန်းရည်ရွယ်ချက်တွေကို တွေဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ လူထုအဖွဲ့အစည်းတွေ ရပ်ရွာတွေက အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်တွေ ၁၈၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။" လို့ ပြောပါတယ်။
တွေ့ဆုံပွဲမှာ အစည်းအဝေးတက်ရောက်တဲ့ လူမှုအဖွဲ့အစည်းတွေကို NMSP-AD အဖွဲ့ ဒုခေါင်းဆောင် နိုင်ဗညားလယ်က နိုင်ငံရေးနဲ့ အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို တင်ပြခဲ့ပြီး ဒုစစ်ဦးစီးချုပ် စလွန်းထောကလည်း စစ်ရေးဆိုင်ရာကိစ္စရပ်တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
တက်ရောက်လာသူတွေကလည်း သိရှိလိုတာတွေမေးမြန်းပြီး အကြံပြုချက်တွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီးနောက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ဖျက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။