မွန်ပြည်နယ်၊ မော်လမြိုင်ကို ဝင်ရောက်လာမယ့် ထိုင်းကုန်စည်တွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးနေတာကြောင့် ထိုင်းကုန်စည်အဝင် ရပ်တန့်နေတယ်လို့ ကားသမားတွေနဲ့ မြဝတီပစ္စည်း ရောင်းဝယ်သူတွေက ပြောပါတယ်။
ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတွေ ဝင်ရောက်လို့မရဘဲ ဘားအံ၊ ဇာသပြင်နဲ့ စံပယ်ဂူတံတားမရောက်ခင်မှာ ကုန်ကား ရာနဲ့ချီပြီး ပိတ်မိနေပါတယ်။
ကားသမားတယောက်က “မြဝတီ၊ ဘုရားသုံးဆူ ဝင်လာတဲ့ ထိုင်းကုန်တင်လာတဲ့ကားတွေ အကုန်လုံးကို မှောင်ခိုပစ္စည်းတင်ပါတယ်ဆိုပြီး မော်လမြိုင်အဝင်မှာ စောင့်ဖမ်းနေတာ။ အခု ပိတ်မိနေတာက ဇာသပြင်နဲ့ စံပယ်ဂူတံတားဘက်မှာ။ ပိတ်မိနေတာကတော့ ၃၊ ၄ ရက်တော့ ရှိနေပြီ။ မြဝတီကုန်ပစ္စည်းတွေက အခွန်မဆောင်တာတော့ သူတို့ကို ပိုက်ဆံပေးပြီး တင်ရတာ။ အခုလည်း အပေါ်ကတော့ ပေးဝင်လာပြီး ဒီမှာ ပိတ်ချလိုက်တော့ အကုန်ဒုက္ခရောက်သွားတာပေါ့” လို့ ပြောပါတယ်။
မွန်ပြည်နယ်အတွင်းကို ထိုင်းကုန်ပစ္စည်းတွေ အဝင်ရပ်တန့်နေတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး စံချိန်တင်ဈေးမြင့်တက်နေတယ်လို့ မြဝတီပစ္စည်းရောင်းဝယ်သူတဦးက ပြောပါတယ်။
“အခု ပစ္စည်းတွေက အဝင်မရှိတော့ ပစ္စည်းတွေပြတ်နေတော့ ဈေးတွေလည်း တက်နေတာပေါ့။ တချို့ကျတော့လည်း ဇာသပြင်ဘက်ကကားတွေထဲက ရဲတွေကို ပိုက်ဆံပေးပြီး ပုပ်သိုးပျက်စီးလွယ်တဲ့ဟာတွေကို သုံးဘီးတွေနဲ့ တိုက်ထုတ်နေတာရှိတယ်။ အရင်တုန်းက ဖမ်းတယ်ဆိုတာ ၁ ရက် ၂ ရက်ပဲ။ အခုက ၄၊ ၅ ရက်လောက်ရှိပြီး အဝင်မခံတာ” လို့ ပြောပါတယ်။
စံပယ်ဂူတံတားနားမှာ ဇွန် ၂၀ ရက်နေ့က ဘုရားသုံးဆူဘက်က ဝင်လာတဲ့ ထိုင်းကုန်ပစ္စည်း တင်လာတဲ့ ကား ၉ စီးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာ ထိုင်းနိုင်ငံကနေလာတဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံးကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေကုန်ပစ္စည်းတွေကိုပါ အဓိကအားထားပြီး သုံးစွဲနေရတာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူနယ်စပ်က ကုန်သွယ်ရေးထွက်ပေါက်ကိုလည်း စစ်ကောင်စီ ဒုဥက္ကဋ္ဌ စိုးဝင်း အမိန့်နဲ့ မြန်မာဘက်ခြမ်းက ပိတ်ထားသလို ထိုင်းနိုင်ငံဘက်ကလည်း ပိတ်ထားတာကြောင့် စံခလပူရီမြို့အထွက်မှာ ကုန်တင်ကား ၁၀၀ ကျော် တန်းစီ စောင့်ဆိုင်းနေရပါတယ်။