Home
မြန်မာသတင်း
သီတဂူဆရာတော်၏ သည်းခံမေ့ပျောက်ရန် ပြောဆိုချက် သံဃာ့ဂုဏ်၊ ရဟန်းကျင့်ဝတ်နှင့်မညီ
DVB
·
June 23, 2024

ရဟန်းကိုပစ်ခတ်တဲ့ စစ်ကောင်စီဘက်က ရပ်တည်ပြီး သည်းခံမေ့ပျောက်ဖို့ သီတဂူဆရာတော်ရဲ့ ပြောဆိုချက်ဟာ သံဃာ့ဂုဏ်၊ ရဟန်းကျင့်ဝတ်တွေနဲ့မညီညွတ်ဘူးလို့ ရွှေဝါရောင်ဆရာတော်တွေက ဝေဖန်လိုက်ပါတယ်။

စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ကျောင်းတိုက်ကို ဇွန် ၂၂ ရက်နေ့မှာ သီတဂူဆရာတော် သွားရောက်ခဲ့ပြီး သည်းခံခွင့်လွှတ်ကြဖို့၊ ဒီအမှုကို ပျောက်ပျက်အောင် နှလုံးသွင်းကြဖို့ တိုက်တွန်းပြောဆိုခဲ့တာပါ။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသဟာ မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ ဇွန် ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တာပါ။

ဆရာတော်ကို PDF တွေ ပစ်ခတ်လို့ သေဆုံးတာလို့ အဲဒီနေ့ညပိုင်းမှာပဲ စစ်ကောင်စီက လိမ်လည်ကြေညာခဲ့ပေမယ့် ဖြစ်စဉ်မှာအတူရှိနေတဲ့ ကန်သုံးဆင့်ဆရာတော်က ဇွန် ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ ပျံလွန်တော်မူတာလို့ မိန့်ကြားခဲ့ပါတယ်။

ကန်သုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်ထွက်ပေါ်ပြီးနောက်မှာ စစ်ကောင်စီက အမှုကို ပြန်စစ်ဆေး အရေးယူမယ်လို့ ကြေညာခဲ့ပြီး လက်ရှိအချိန်အထိ အမှားကို အတိအလင်း ဝန်ချတောင်းပန်တာမျိုး မရှိသေးပါဘူး။

ဒီအခြေအနေမှာ  သီတဂူဆရာတော်ရဲ့ ပြောဆိုချက်ဟာ မတရားသတ်ဖြတ်ဖမ်းဆီးခံရတဲ့ ရဟန်းသံဃာတွေနဲ့ ပြည်သူတွေ၊ မိသားစုတွေကို မျက်ကွယ်ပြုတာဖြစ်ပြီး ဗုဒ္ဓရဲ့ အဆုံးအမတွေကို တလွဲ အသုံးချနေတာဖြစ်တယ်လို့ ရွှေဝါရောင်ဆရာတော်တပါးက မိန့်ပါတယ်။

ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က “အကြောင်းရင်းမှန်ဖြစ်တဲ့ အမှားကျူးလွန်နေတဲ့ အာဏာရှင်တွေကို ဒီလုပ်ရပ်မျိုးမလုပ်အောင် သီတဂူက ဆုံးမရမှာ တကယ်က၊ သူတို့ မလုပ်ဘူးဟေ့ဆိုရင် ဒီလိုပြဿနာတွေက ဖြစ်စရာအကြောင်းမရှိဘူး။ မှားနေတဲ့သူကိုသွားပြီးတော့ မဆုံးမဘဲနဲ့ ခံနေရတဲ့သူတွေဘက်ကိုပဲ သည်းခံကြပါ၊ ခွင့်လွှတ်ကြပါ၊ မေ့ပျောက်ကြပါဟေ့ဆိုတာ ဒါ မင်းတို့ထပ်ပြီးတော့ အသတ်ခံဦး၊ မင်းတို့နေအိမ်တွေ စည်းစိမ်တွေအကုန်လုံး အပျက်စီးခံလိုက်ဦး ဆိုပြီးတော့ ဒီဘက်ကို ရက်ရက်စက်စက်ချနင်းတဲ့ကိစ္စဖြစ်နေတယ်။ ဗုဒ္ဓရဲ့ဝါဒကလည်း အဲ့ဒီလို အညံ့ခံကြ ဆိုတဲ့ဝါဒမဟုတ်ဘူး။ ပြီးတော့ သည်းခံဆိုတဲ့ ခန္တီတရားကလည်း ဗုဒ္ဓဟောတာ အဲ့အတိုင်း မဟုတ်ဘူး။ ဗုဒ္ဓဟောတဲ့ခန္တီတရားဆိုတာ အင်မတန်မှ မြင့်မြတ်တယ်။ အမြင့်ဆုံးပန်းတိုင်ကို လိုချင်တဲ့အတွက်ကြောင့် ပူမှု၊ အေးမှု၊ အစာငတ်ခံမှု၊ လာဘ်လာဘတွေနဲ့မြူဆွယ်မှု အဲ့ဒါတွေအားလုံးကို သည်းခံပြီးတော့ အဲ့ဒီနောက်ပါမသွားဘဲနဲ့ ကိုယ့်ပန်းတိုင်ကိုတစိုက်မတ်မတ် မျက်ခြေမပြတ်ဘဲနဲ့ ရောက်အောင်သွားတာကို ခန္တီလို့ပြောတာ။ ခုဏပြောတဲ့ လောကဓံတရားတွေကို ခန္တီလုပ်ခိုင်းတာ၊ အခုဟာကျတော့ အညံ့ခံခိုင်းတာ၊ သူတို့က တကယ့်ဗုဒ္ဓရဲ့ဝါဒကို လိုသုံး ကြိုက်သလိုတွေ သူတို့လုပ်နေကြတာ၊ ဒါ အင်မတန်မှားယွင်းတဲ့ကိစ္စပဲ” လို့ ပြောပါတယ်။

တန့်ဆည်နယ်ခံ ဆရာတော်တပါးကလည်း သီတဂူဆရာတော်ရဲ့ ပြောဆိုကြံစည်ပြုမူချက်တွေဟာ သံဃာ့ဂုဏ် ၉ ပါးနဲ့ညီညွတ်မှုမရှိတော့ဘူးလို့ မိန့်ပြီး သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ဖို့ သီတဂူဆရာတော်က မိန့်ပေမယ့် စာသင်သားသံဃာတွေနဲ့ ရဟန်းတွေရဲ့ရင်ထဲမှာ စစ်ကောင်စီရဲ့ အပြုအမူဟာ အမည်းစက်အဖြစ် ထင်ကျန်ခဲ့ပြီလို့ ဆိုပါတယ်။

အရှင်တေဇာနန္ဒ(တန့်ဆည်)က “သံဃာ့ဂုဏ်တော် ၉ ပါးထဲမှာ တရားနဲ့အညီကျင့်ရမယ်။ ဗုဒ္ဓကလည်းပဲ ပြောတဲ့အတိုင်းကျင့် ကျင့်တဲ့အတိုင်းပြောဆိုတဲ့ ဒေသနာတော်ရှိပါတယ်။ စံပြဖြစ်အောင် မိမိတို့က တရားသဖြင့်ကျင့်ရမယ်။ မတရားတာတွေကို မိမိကိုယ်တိုင်လည်းလက်မခံရဘူး၊ တခြားသူတွေ လုပ်တာလည်း လက်မခံရဘူး။ တရားနဲ့အညီကျင့်ခြင်းမှမရှိဘူးဆိုရင် ဒီသင်္ကန်းကြီး ဝတ်ထားလည်း ရဟန်းလို့မမည်ဘူး။ ဓမ္မအပေါ်မှာ ဖြောင့်ဖြောင့်မှန်မှန် အသက်ပင်သေသေ ဘဝပင်ဆုံးဆုံး ရပ်တည်ရတာ။ မေတ္တာသုတ်တွေ ဘာတွေထဲမှာတောင်မှ ဦးဇင်းတို့ ဖြောင့်မတ်ရမယ် အလွန်ဖြောင့်မတ်ရမယ် ဆိုတာရှိတယ်။ အခု သီတဂူက သည်းခံခြင်း ခွင့်လွှတ်ခြင်းတွေ ကြီးကြီးကျယ်ကျယ်တွေ သွားပြောနေတာ၊ သူကိုယ်တိုင်လည်း တရားဟောတဲ့အခါမှာ မေတ္တာစကားပြောလိုက်တာ။ ဓမ္မနဲ့အဓမ္မ ၂ ခုယှဉ်လာတဲ့အခါမှာ ဓမ္မအပေါ်မှာ မားမားမတ်မတ် ရဲရဲရင့်ရင့်မရပ်တည်ရင် ဘယ်လိုလုပ်မေတ္တာတရားထွန်းကားတော့မလဲ။ ဓမ္မအပေါ်မှာ မားမားမတ်မတ်ရပ်တည်ရမယ်။ ဒါမှသာလျှင် ရဟန်းသံဃာလို့ခေါ်ဆိုထိုက်တာပါ။ သင်္ကန်းပတ်ထားရုံနဲ့ ရဟန်းသံဃာလို့မခေါ်ဆိုထိုက်ဘူး။ ဆိုတော့ ဒီနေ့သီတဂူရဲ့အပြောအဆို သူ့ရဲ့အလုပ်အကိုင်တွေ အပြုအမူအကြံအစည်တွေဟာ ရဟန်းအသွင်သာရှိပြီးတော့ ရဟန်းကောင်းမမည်တဲ့ ရဟန်းတပါးဖြစ်နေတယ်ပေါ့။ ဒီလိုဦးဇင်းတို့ ပြောကြရမှာပါ” လို့ မိန့်ပါတယ်။

စစ်ကောင်စီဟာ အာဏာစသိမ်းတဲ့နေ့ကတည်းက မြဝတီမင်းကြီးဆရာတော်၊ ရွှေညဝါဆရာတော်၊ ဦးသောဘိတ(အလင်္ကာကြယ်)၊ ဦးတေဇနိယ(မန်းတောင်ခြေ) စတဲ့ နာမည်ကျော် စာတတ်ရဟန်းတွေကို ဖမ်းဆီး၊ လူဝတ်လဲ၊ အကျဉ်းချတာတွေ ပြုလုပ်ခဲ့တာပါ။

အဲ့ဒီနောက်ပိုင်း ဆန္ဒပြပွဲမှာပါဝင်တဲ့ ရဟန်းတွေနဲ့ တခြားဘာသာရေးခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးအကျဉ်းချတာတွေပြုလုပ်ခဲ့ပြီး ဒီဖြစ်ရပ်တွေမှာ သီတဂူဆရာတော်ဟာ နှုတ်ဆိတ်နေခဲ့ပေမဲ့ စစ်တပ်ကကျူးလွန်ကြောင်းပေါ်လွင်နေတဲ့ ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်သတ်ဖြတ်ခံရမှုမှာတော့ စစ်ကောင်စီဘက်နေရပ်တည်ခဲ့တာပါ။

ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က “ဦးဇင်းတို့မှာ ရဟန်းကျင့်ဝတ်ရှိတယ်။ စာရိတ္တသီလလို့ ခေါ်တယ်။ မကောင်းမြစ်တား၊ ကောင်းရာညွှန်းလှစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ၊ ဆိုတာ ရဟန်းမှန်ရင် ကျင့်ကိုကျင့်ရမှာ။ မှားနေတာတွေကိုတွေ့တယ်ဟေ့ဆို တားမြစ်ရမှာ။ ၁၉၆၂ ခုနှစ်ကတည်းက ယနေ့ မင်းအောင်လှိုင်အထိက စစ်တပ်က အမှားတွေချည်းပဲကျူးလွန်တာ။ သမိုင်းအဆက်ဆက်ကိုကြည့်ပါ။ တိပိဋကဆရာတော်တွေ ဘိဝံသဆရာတော်တွေ အကုန်လုံးသတ်ခဲ့ဖြတ်ခဲ့တာပဲ။ အဲ့ဒီတော့ တကယ် ကိုယ့်သံဃာတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတာ၊ အမှားကျူးလွန်နေတာ မင်းအောင်လှိုင်တို့ ဖြစ်တယ်။ ဒါကိုမကောင်းဘူးဟေ့ဆိုတာ ရဟန်းမှန်ရင် တားမြစ်ရမယ် ပိတ်ပင်ရမယ်။ မင်းတို့ဒီလိုမလုပ်နဲ့လို့ ဆုံးမရမယ်၊ အဓမ္မအမှားကနေ ဓမ္မအမှန်ကိုရောက်အောင်တွန်းတင်ရမယ်၊။ ဒါကိုမလုပ်ဘူးဟေ့ဆိုရင် ရဟန်းဟာ ရဟန်းကျင့်ဝတ် စာရိတ္တသီလပျက်တာပဲ။ ယနေ့ သီတဂူကြီးဟာ ဒါကိုပျက်ကွက်နေတာပဲ” လို့ မိန့်ပါတယ်။

စစ်တပ်ကပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ဟာ စစ်ကောင်စီ အာဏာစသိမ်းကတည်းက အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်းစာထုတ်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ မတရားမှုတွေကိုလည်း တရားပွဲတွေမှာ ထည့်သွင်းဟောပြောလေ့ ရှိခဲ့သလို နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်ဖြစ်ပြီး မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓသာသနာမှာ ဒုတိယအင်အားအကြီးဆုံး သံဃာ့ဂိုဏ်းဖြစ်တဲ့ ရွှေကျင်ဂိုဏ်းမှာလည်း ဗဟိုအလုပ်အမှုဆောင် ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013