ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇွန်လဒုတိယ အပတ်လောက်က စတင်ပြီး တမြို့လုံး လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
လျှပ်စစ်မီး ပြတ်တောက်နေတာဟာ ဗန်းမော်ကိုပို့လွှတ်နေတဲ့ လျှပ်စစ်တာဝါတိုင် ရွှေဘိုနဲ့ ဝက်လက်ကြားမှာ ပျက်စီးသွားတာကြောင့်ဖြစ်ပြီး လျှပ်စစ်တာဝါတိုင် ပျက်စီးနေတဲ့ နေရာ ပတ်ဝန်းကျင်ဟာ PDF တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာ ဒေသဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
“ကြားရတာက မီးပြတ်တာကြာဦးမယ်တဲ့၊ ရွှေဘိုနဲ့ ဝက်လက်ကြားမှာ တာဝါတိုင် ပျက်စီသွားလို့တဲ့ အဲဒီဘက်နားမှာ PDF တွေလည်း ရှိထားတော့ လျှပ်စစ်ကလည်း သွားမပြင်လို့မရဘူး။ အဲဒီလိုပဲ ဆက်ကြာနေဦးမယ် ထင်တယ်။ အခုတောင် တပတ်ကျော်နေပြီ။”
မြန်မာပြည်အောက်ပိုင်းကနေ ကချင်ပြည်နယ်ကို ပို့လွှတ်တဲ့ လျှပ်စစ်တာဝါတိုင် ပျက်စီးသွားတာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ မိုးမောက်မြို့နယ်က တာပိန်ရေအားလျှပ်စစ် ဓာတ်အားလိုင်းကို ပြန်လည်ပြုပြင်ပြီး ဗန်းမော်မြို့ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်နေကြတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဗန်းမော်မြို့ပေါ် လျှပ်စစ်မီး ရက်ကြာ ပြတ်တောက်နေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ သောက်သုံးရေအခက်အခဲနဲ့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ဗန်းမော်မြို့ခံ တဦးက ပြောပါတယ်။
“မီးပြတ်တော့ ရေရဖို့ ခက်လာတယ်။ အခုနောက်ပိုင်း မြို့ပေါ်မှာက မော်တာတွေပဲ သုံးတာ များလာတော့ ဘုံဘိုင်တွေ သိပ်မတပ်တော့ဘူး။ ဘုံဘိုင်မတပ်ထားတော့ ရေလည်း နှိပ်လို့မရ၊ မီးမလာရင် ရေက မရတော့ဘူး။ မီးစက်ရှိတဲ့ သူတွေပဲ ရေတင် ဘာတင်လုပ်ကြတာ၊ ရေတင်ဖို့ မီးစက်ငှါးတဲ့သူတော့ ရှိပါတယ်။ တခါတင် ကျပ် ၃၀၀၀၀ တဲ့ အဲလိုဆိုတော့ နီးစပ်ရာကနေပဲ အကူအညီတောင်းပြီး သုံးနေရတာ။ စားသောက်ဖို့ ထမင်းဟင်းချက်တာက အစခက်နေတာပေါ့၊ ညဆိုလဲ မှောင်မဲလို့။”
ဗန်းမော်မြို့ပေါ်မှာ လျှပ်စစ်မီးအပြင် အက်တမ်နဲ့ အော်ရီဒူးဖုန်းလိုင်းတွေလည်း မေလကတည်းက ပြတ်တောက်နေပြီး ဖုန်းလိုင်းရှိတဲ့ မိုင်တဲနဲ့ MPTလည်း အင်တာနက်လိုင်း နှေးကွေးနေပါတယ်။
ဗန်းမော်မြို့နဲ့ နီးတဲ့ မံစီနဲ့ မိုးမောက်မြို့ကတော့ မြို့သိမ်းတိုက်ပွဲစတင်တဲ့ ဧပြီလကတည်းက လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။
မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ မံစီနဲ့ မိုးမောက်မြို့ ပတ်ဝန်းကျင်မှာလည်း အခုရက်ပိုင်း နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ငြိမ်သက်နေပါတယ်။