၁ နှစ်ကြာ ပိတ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး-တမူး လမ်းမပေါ်က ခါမ်းပါတ်-တမူးလမ်းမကို ဇွန် ၂၂ ရက် မနေ့က စစ်ကောင်စီက ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ ဒေသခံတွေ ပြောပါတယ်။
ခါမ်းပါတ်-တမူးလမ်းမဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ပန်းသာရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားရာကနေ ပန်းသာရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီက လမ်းကို ပိတ်ထားခဲ့တာပါ။
ခါမ်းပါတ်ဒေသခံတယောက်က “လမ်းပွင့်သွားတာ ဟုတ်တယ်ဗျ။ မနေ့ကစပြီး စစ်တပ်ဘက်က ဖွင့်ပေးလိုက်တာ။ လမ်းပွင့်သွားတော့ သွားရေးလာရေး လွယ်ကူသွားတာပေါ့။ တမူးမြို့ကလူတွေ တအားဒုက္ခရောက်နေကြပြီလေ။ လမ်းပိတ်ထားတာက ၁ နှစ်လောက်ရှိပြီ။ အခုမှ ပွင့်တော့တယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိ ခါမ်းပါတ်-တမူးလမ်း ပွင့်သွားပေမဲ့ ကလေး-ခါမ်းပါတ်လမ်းကိုတော့ စစ်ကောင်စီက ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး ကလေး-ခါမ်းပါတ်လမ်းကို စခန်းကြီးကျေးရွာ ရဲစခန်းကနေ ခါမ်းပါတ်အထိ ပိတ်ထားတာပါ။
ကလေး-ခါမ်းပါတ်လမ်း ပိတ်ထားတာကြောင့် ကလေးမြို့ကနေ တမူးမြို့နဲ့ ခါမ်းပါတ်မြို့ကို သွားရင် ချင်းတောင်ပေါ်ကတဆင့် လက်ပံချောင်းဘက်ကိုကူးပြီး ရာဇဂြိုဟ်ကနေ ခါမ်းပါတ်ကို ဆက်သွားရပါတယ်။
တမူးမြို့ခံတယောက်က “တမူး-ခါမ်းပါတ်ပွင့်တာက ကျနော်တို့ တမူးသားတွေအတွက် ဝမ်းသာစရာ သတင်းပဲဗျ။ တမူးမြို့က အစစအရာရာ ဈေးကြီးနေတော့တာလေ။ အရင်က ၁ သောင်းလောက်ရှိတဲ့ တမူး-ကလေး ကားခတောင် ၃ သိန်းရှိတယ်။ ကလေး-တမူး တိုက်ရိုက်ပွင့်သွားရင်တော့ ပိုအဆင်ပြေတာပေါ့ဗျာ” လို့ပြောပါတယ်။
ကလေး-တမူးလမ်းပိုင်းဟာ မိုင် ၈၀ ကျော်ရှိပြီး အဲဒီလမ်းပိုင်းပေါ်မှာရှိတဲ့ ခါမ်းပါတ်-တမူး လမ်းမပေါ်မှာ စစ်ကောင်စီက ဂိတ်စခန်း ၃ ခုဖွင့်ထားကာ လမ်းကြေး အဆမတန် ကောက်ခံတာတွေလည်း ရှိနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ခါမ်းပါတ်-တမူးလမ်းပိုင်းပေါ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်တွေဘက်ကို DVB က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။