လူမှုဖူလုံရေးကတ် ပျောက်ဆုံးသူတွေ ပြန်လည်လျှောက်ထားရာမှာ ပေးဆောင်ရမယ့် ဒဏ်ကြေးကို တိုးမြှင့်ကောက်ယူသွားမယ်လို့ လူမူဖူလုံရေးအဖွဲ့က ကြေညာထားပါတယ်။
ကတ် ပျောက်ဆုံးပျက်စီးသူတွေ ပြန်လျှောက်ထားရာမှာ လိုအပ်တဲ့ အထောက်အထားနဲ့ ဒဏ်ကြေးကျပ် ၅,၀၀၀ အစား လျှောက်ထားတဲ့ အကြိမ်အရေအတွက်ပေါ်မူတည်ပြီး ဒဏ်ကြေး တိုးမြှင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုးမြှင့်သတ်မှတ်လိုက်တဲ့ဒဏ်ကြေးမှာ ပထမအကြိမ် မိထ္တူလျှောက်ထားခြင်းအတွက် ၃၀,၀၀၀ ကျပ်၊ ဒုတိယအကြိမ် ဆိုရင် ၅၀,၀၀၀ ကျပ်၊ တတိယအကြိမ်နဲ့အထက်ကို ကျပ် ၁ သိန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ ဒဏ်ကြေးအသစ်ကို ဇူလိုင် ၁ ရက်ကစတင်မှာဖြစ်ပြီး ကတ်ပျောက်လျှောက်ထားတဲ့ ကာလအတွင်း ဆေးကုသမှုခံယူနိုင်ဖို့ ကတ်ပျောက်လျှောက်ထားကြောင်း ထောက်ခံစာ ထုတ်ပေးသွားမယ်လို့ဆိုပါတယ်။
လက်ရှိမှာ အလုပ်သမားတွေ လုပ်ခလစာ မဖူလုံတဲ့အတွက် အခက်တွေ့နေချိန်မှာ အခုလို ဒဏ်ကြေး တိုးမြှင့်လိုက်တာဟာ အလုပ်သမားတွေအပေါ် မစာနာရာရောက်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ပြည်တွင်း အလုပ်သမားအရေးဆောင်ရွက်နေသူယောက်က “လုပ်ခ မလုံလောက်လို့ လစာတိုးပေးလိုက်တဲ့ လုပ်ငန်းရှင်တွေကျအရေးယူပြီး နဂိုကမှ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေဆီက ဒဏ်ကြေးတိုးကောက်တာ ဘယ်လိုစိတ်နဲ့ လုပ်တာလဲမေးရမလိုဖြစ်နေတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူမှုဖူလုံရေးအကျုံးဝင်လုပ်သား ၁ သန်းကျော်ရှိပြီး အဲဒီအလုပ်သမားတွေအနေနဲ့ လစဉ်လစာရဲ့ ၂ ရာခိုင်နူန်းကို ပေးသွင်းနေရတာဖြစ်ပါတယ်။
လူမှုဖူလုံကြေးပေးသွင်းထားပေမယ့် ဆေးခွင့်တောင်းယူရတာ၊ ဆေးကုသခွင့် တောင်းရာမှာ အချိန်ကြန့်ကြာတာတွေ၊ အဆင်မပြေတာတွေ ရှိနေတဲ့အပေါ် ဝေဖန်မူတွေလည်းရှိနေပါတယ်။