ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ဇွန် ၂၀ ရက်နေ့ ည ၉ နာရီလောက်က စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့ ပြည်သူ ၅၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို ဒေသခံတွေဆီကနေ သိရပါတယ်။
သိန်းတန်ကျေးရွာနဲ့ နာရီကန်ကျေးရွာကနေ စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့ ပြည်သူ ၄၈ ယောက်ကို စစ်ကောင်စီတပ်က ကျောက်တန်းကြီးရွာ လမ်းဆုံနားမှာ ကင်းပုန်းဝပ်ပြီး ဖမ်းဆီးခဲ့တယ်လို စစ်တွေ ဒေသခံတယောက်က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့အထဲမှာ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အများစုပါဝင်ပြီး တိုက်ပွဲတွေကြားထဲမှာပိတ်မိလို့ စစ်ကောင်စီဘက်က လူသားဒိုင်းပြုလုပ်မှာကို ကြောက်ပြီး အာရက္ခတပ်တော် အေအေရဲ့ ထိန်းချုပ်နယ်မြေထဲကို ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို စစ်တွေအခြေစိုက် ဒကစထဲမှာ စစ်ဆေးမေးမြန်းနေပြီး ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။
ဇွန် ၁၉ ရက်နေ့ကလည်း စစ်တွေ့မြို့နယ်၊ အမြင့်ကျွန်းရွာကနေ စစ်ရှောင်ဖို့ စက်လှေနဲ့လာတဲ့ ပြည်သူ ၁၁ ယောက်ကို စစ်ကောင်စီရေတပ်က သေနတ်နဲ့ ပစ်ခတ်လို့ အမျိုးသား ၂ ယောက် သေဆုံးပြီး အမျိုးသမီး ၅ ယောက်ကိုတော့ စစ်တပ်က ဖမ်းဆီးသွားပါသေးတယ်။
ဖမ်းဆီးခံရသူတွေထဲက ၃ နှစ်အရွယ်ကလေး ၁ ယောက်အပါအဝင် အမျိုးသမီး ၃ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့ အမျိုးသမီး ၂ ယောက်ကိုတော့ ဆက်ဖမ်းထားတယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ်မှာ မေ ၂၉ ရက်နေ့ကလို့ ဒေသခံပြည်သူ ၂,၀၀၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဗျိုင်းဖြူကျေးရွာက ပြည်သူ ၇၆ ယောက်ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။