Home
မြန်မာသတင်း
သံတွဲမြို့နယ်တွင် စစ်တပ် ပစ်ခတ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၃ ဦး အပါအဝင်  ၅ ဦးသေဆုံး 
DVB
·
June 22, 2024
Photo Crd-CJ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ဇွန် ၂၁ ရက်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ အရပ်သား ၂ ဦး သေဆုံးခဲ့သလို  ဇွန် ၂၀ ရက်ကလည်း စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲလို့  စစ်ဘေးရှောင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပါတယ်။ 

မနေ့ ညနေ ၃ နာရီကျော်လောက်မှာ သံတွဲမြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ နတ်ပြင်ရွာနဲ့ ကျောင်းတိုက်ရွာတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံ အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားပါတယ်။

ဒေသခံတဦးက “နတ်ပြင်ရွာကို လက်နက်ကြီးကျလို့ အဲဒီကိုရောက်နေတဲ့ ဇာဒီပြင်ရွာသားတယောက်သေတယ်။ အဲဒီက အစတွေမှန်ပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်က ဒဏ်ရာရတယ်။ တယောက်ကတော့ ခါးမှာ ရှပ်မှန်လို့ ဒဏ်ရာသိပ်မပြင်းဘူး။ နောက်တယောက်ကတော့ ဘယ်နေရာ ဒဏ်ရာရလဲ သေချာ မသိရသေးဘူး” လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၀ ဝန်းကျင် ဦးထွန်းနိုင်ဖြစ်ပြီး ညနေ ၆ နာရီလောက်မှာလည်း နတ်ပြင်ရွာက တရွာကျော်အကွာမှာရှိတဲ့ ကျောင်းတိုက်ရွာကို လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ အသက် ၇၀ ဝန်းကျင်အရွယ် ဦးမောင်ညို သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက“သူက ရေချိုးနေတုန်း လက်နက်ကြီးမှန်တာ။ နောက်ထပ် အမျိုးသားတယောက်လည်း ဒဏ်ရာရသေးတယ်။ လက်နက်ကြီးက ဘယ်ကနေ ပစ်တယ်ဆိုတာတော့ သေချာ မသိကြပါဘူး။ သံတွဲမြို့ပတ်လည်မှာက စစ်တပ်က အမြောက်တွေထိုင်ထားတာ။ ပြီးတော့ နေဗီကလည်း လှမ်းပစ်လို့ရတယ်” လို့ ပြောပါတယ်။

ဇွန် ၂၁ ရက် နေ့လယ်ပိုင်းက နတ်ပြင်နဲ့ ကျောင်းတိုက်ရွာကြားမှာရှိတဲ့ ဇာဒီပြင်ရွာကို အာရက္ခတပ်တော်(AA) တပ်တွေ ခဏရောက်လာခဲ့ပြီးနောက် အခုလို စစ်တပ်က ပစ်ခတ်တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် ဒေသခံတွေ သေဆုံးပြီးနောက်ပိုင်း အဲဒီရွာတွေက ဒေသခံတွေဟာ ရတဲ့နည်းနဲ့ မြို့ပေါ်ကို ပြောင်းရွှေ့လာကြတာတွေရှိတယ်လို့လည်း သံတွဲမြို့ခံက ပြောပါတယ်။

လက်ရှိမှာ နတ်ပြင်ရွာဝန်းကျင်အထိ AA တပ်တွေ ရှိနေပြီး အဲဒီကနေ ၁ မိုင်လောက်ဝေးတဲ့ ခြံပြင်ရွာမှာ စစ်တပ်ရှိနေတာကြောင့် တိုက်ပွဲတွေပြင်းထန်ပြီး မြို့ပေါ်အထိရောက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဇွန် ၂၀ ရက်ကလည်း သံတွဲနဲ့ ၁၇ မိုင်အကွာမှာရှိတဲ့ ရွှေလှေတိုက်နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဆင်ခေါင်းရွာကနေ စစ်ရှောင်လာတဲ့ အမျိုးသမီး ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို တိုက်နယ်ဆေးရုံပျက်စီးပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဝင်း ထဲမှာလည်း ကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024