Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်တပ်ရိက္ခာပို့ယာဉ်တန်း၊ ကူတော်ရွာစခန်းနှင့် ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံရ
DVB
·
June 21, 2024
Photo Crd-Aera 71 PDF

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက မန္တလေး-မုံရွာလမ်းပေါ်မှာရှိတဲ့ ခင်မွန်ဘက်စုံ မွေးမြူရေးတပ်အနီးမှာ ဇွန် ၂၀ ရက် မနက် ၁၀ နာရီ၀န်းကျင်က စစ်ကောင်စီရဲ့ ရိက္ခာပို့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တွဲကား ၃ စီးမီးလောင်ပျက်စီးပြီး စစ်သား ၄ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Aera 71 PDF ရဲ့ တပ်ဖွဲ့၀င်တဦးက “မန္တလေးဘက်ကနေ မုံရွာဘက်ကို ‌ေ-းတပ်က ရိက္ခာတွေ သယ်လာတဲ့ ထောက်ပို့တွဲကား ၅ စီးပါတဲ့ယာဥ်တန်းကို လက်နက်ငယ်တွေနဲ့အရင်ပစ်တယ်ဗျ။ ထိုးရပ်သွားပြီး ရိက္ခာအပြည့်တဲ့ ကားခေါင်းခန်းထဲကို လက်ပစ်ဗုံးတွေပစ်သွင်းကြတာ။ ကားတွေမီးလောင်ကုန်တယ်။ တွဲကား ၃ စီးက သုံးမရ‌အောင်ပျက်စီးသွားပြီး ‌ေ-း ၄ ကောင်သေနေတာတွေ့ခဲ့တယ်” လို့ ပြောဆိုပါတယ်။

ကျန်တဲ့ တွဲကား ၂ မှာလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေက ပတ်၀န်းကျင်ကို တရစပ် ရမ်းသန်းပစ်ခတ်နေတဲ့အတွက် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေဆီကနေ လက်နက်တွေ မကောင်ယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Aera 71 PDF၊ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု - NPRF၊ Chindwin Land Defence forces၊ Black Hero Local PDF၊ Myingyan Danger Dynamite၊ စည်းလုံးညီညွတ်သော ပြည်သူ့တပ်မတော်-UPA နဲ့ PLA တပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“အဲ့ဒီတိုက်ခိုက်မှုမှာ လက်နက်ငယ်တလက်တော့ ဆုံးရှုံးသွားခဲ့တယ်။ တိုက်ပွဲတွေ ဆက်ဖော်ဆောင်ဖို့လို့ လက်နက်ကအဓိကပဲလေ။ လက်နက်ခဲယမ်းတွေကတော့ လိုအပ်ချက်တွေ ရှိနေတာပေါ့ဗျာ။ ပြည်သူတွေကိုလည်း ကျပ်တည်းနေတဲ့ကြားက ကူညီကြပါဦးလို့ မပြောချင်ပေမဲ့ ကူညီနိုင်သူတွေအနေနဲ့ ကူညီကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ” လို့ Aera 71 တာ၀န်ခံတဦးက DVB ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ရိက္ခာပို့ယာဥ်တန်းကို တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပြီး စစ်ကောင်စီဘက်ကတော့ အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ရွာက စစ်ကောင်စီအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဇွန် ၂၀ ရက် နေ့လယ် ၁ နာရီလောက်မှာ ဒရုန်းယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့ တွေဆီက သိရပါတယ်။

တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ဒေါင်းမာန်အဖွဲ့အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်းအားစုတွေ စုစည်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

“ကျနော်တို့ ဒရုန်း ၄ စီးနဲ့ ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါဗျ။ ကနဦးဗုံးသီးချတုန်းကတော့ စကစဘက်က ငြိမ်နေသေးတယ်။ ဒုတိယတစ်စီးသွားချတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဒရုန်းယာဉ်ကို ပြန်ပစ်တာတွေပြုလုပ်တယ်။ နောက်ထပ်ဒရုန်း ၂ စီးနဲ့ ထပ်သွားချတော့ ဂျမ်ဘာမိသွားတယ်နဲ့ တူတယ်ဗျ။ ဒရုန်း ၂ စီး ပျက်ကျသွားတယ်။ ဒရုန်း ၂ စီးတော့ ဆုံးရှုံးခဲ့ရတယ်။ ရဲဘော်တွေကတော့ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်ဗျ။ စစ်သားအသေအပျောက်ကတော့ ဘာမှမသိရသေးဘူး” လို့ ဘုတလင်ဒေါင်းမာန်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဘုတလင်မြို့နယ် ကူတောတော်ရွာ နယ်မြေခံရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်က ၂၀၂၂ ခုနှစ် ဧပြီ ၈ ရက် ညကလည်း ဝင်ရောက်စခန်းသိမ်းခဲ့ပြီး စစ်ကောင်စီဘက်က တကြော့ပြန် ပြန်လည်သိမ်းယူကာ အခိုင်အမာဘန်ကာတွေ ပြန်လည်တည်ဆောက်ကာ အထိုင်စခန်းပြုလုပ်ထားတဲ့ စခန်းဖြစ်တယ်လို့ ဆိုပါတယ်။

“ရွာအတွင်းကတော့ စကစ ထောက်ခံသူတွေလောက်ပဲ ရွာထဲနေကြတယ်။ ကျန်တဲ့ ရွာသားတွေကတော့ နေရပ်စွန်ခွာနေကြတာ ၂ နှစ်အထိ ကြာမြင့်နေပြီဗျ။ မနေ့ကတော့ စကစရဲ့ စခန်းစီကနေ လက်နက်ကြီး ပေါက်ကွဲတဲ့ အသံ၊ ပစ်ခတ်တဲ့အသံတွေကတော့ ကြားနေရတာပဲ။ ရွာရဲစခန်းကတော့ တော်လှန်ရေးအဖွဲ့တွေက တဖွဲ့မဟုတ် နောက်တဖွဲ့က လာပစ်နေကြတာပဲ။ ကျနော်တို့ ဒေသခံတွေကတော့ တိုက်ပွဲနဲ့ လွတ်ရာနေကြရတယ်။ တောင်သူလုပ်ငန်း မလုပ်ရတာလည်း ကြာပြီဗျ။ စာဝတ်နေရေးကလည်း ကျပ်တည်းလာပြီ” လို့ ဘုတလင်ကူတော်ရွာ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်ဟာ အနောက်မြောက်တိုင်း စစ်ဌါနချုပ်(နမခ)အထိုင်စခန်းနဲ့ အနီးဆုံးမြို့တခု ဖြစ်တာကြောင့် စစ်ကောင်စီတပ်က နေစဉ်လိုလို စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားတိုင်း ကျေးရွာကို မီးရှို့တာတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ ထွေအုပ်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီးတွေ အသုံးပြုပြီး ဇွန် ၁၉ ရက် မွန်းတည့် ၁၂ နာရီကျော်က စတင်ကာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက‌နေ သိရပါတယ်။

စစ်ကောင်စီ ဗိုလ်တဦးနဲ့ ကျောင်းဆရာမတဦး မင်္ဂလာဆောင်ကို သွားရောက်ပစ်ခတ်ခဲ့တာလို့ ကျားသစ်နက်အဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။ 

“အင်မထီးရွာက ပျူစောထီးမဖြစ်တဲ့ ကျောင်းဆရာမ မာလာစီနဲ့ ဗိုလ်ကြီး လှိုင်မျိုးဆွေ (ခလရ ၃၁၃ တပ်ရင်း) ဆိုသူတို့ မင်္ဂလာဆောင်နေတယ်ဆိုတဲ့ သတင်းကြားလို့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ သွားတိုက်ခိုက်ခဲ့တာဗျ။ ဘယ်လိုတိုက်ခိုက်ခဲ့တာလဲဆိုတော့ ၄၀ မမ၊ ၆၀ မမ၊ ၉၀ မမ၊ ပေါင် ၃၀၀ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ စ(-)အသေအပျောက်ကတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခုလို ပြည်သူ့ကာကွယ်ရေးဘက်က ပစ်ခတ်တိုက်ခိုက်သလို စစ်ကောင်စီတပ်ဘက်ကလည်း တန်ပြန်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပုလဲမြို့ပေါ်နေ ဒေသခံ အမျိုးသမီးတဦးက “ပုလဲထွေအုပ်ရုံးထဲ မင်္ဂလာဆောင်ပွဲ ကျင်းပတာလည်း ဟုတ်တယ်။ လက်နက်ကြီးနဲ့ အပစ်ခံရတာလည်း ဟုတ်တယ်။ ကျမတို့ကတော့ ‌‌ေ–းတွေလုပ်တဲ့ပွဲဆိုတော့ သွားလည်း မသွားဘူး၊ စားလည်းမစားဘူး။ သူ‌‌တို့ပျူတွေနဲ့ စစ်ဘောမတွေ သွားကြတာ။ အထိအခိုက်ကတော့ ရှိမရှိတော့ မသိရဘူး။ ဒေသခံတယောက်အနေနဲ့ နောက်ဆုံး ပြောချင်တာကတော့ ဒီလို ခေတ်ပျက်ကြီး မြန်မြန်ပြီးပါစေလို့ပဲ ဆုတောင်းပါတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ကျားသစ်နက် အပါအဝင် Chindwin Toe Na Yar PDF အဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း-၂၉ ခွဲ-၂ (ROUND TIGER People) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013