၂၀၂၃ နှစ်ကုန်အထိ ကမ္ဘာတဝန်း လူပေါင်း ၁၁၇ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ပြီးခဲ့တဲ့ တနှစ်ကထက် ၈ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။
ဒါဟာ အစပဲရှိသေးပြီး ဒီနှစ်ထဲအရောက်မှာတော့ သန်း ၁၂၀ ကျော်သွားပြီလို့ UNHCR က ခန့်မှန်းပါတယ်။ သမိုင်းတလျှောက် အများဆုံးအရေအတွက်ဖြစ်ပြီး အိုးအိမ်စွန့်ခွာသူ အရေအတွက်ဟာ ကမ္ဘာ့ ၁၁ နိုင်ငံမြောက် လူဦးရေအများဆုံး ဂျပန်လူဦးရေကို ကျော်သွားပြီ ဖြစ်ပါတယ်။
ဒီစိုးရိမ်စရာ ကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာ မရေမတွက်နိုင်တဲ့ ဆုံးရှုံးမှုတွေ၊ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းမှု ဇာတ်လမ်းတွေ ရှိနေပါတယ်။
ဒီအကျပ်အတည်းမှာ မြန်မာနိုင်ငံကလည်း ဆူဒန်၊ အာဖဂန်နစ္စတန်၊ ယူကရိန်းတို့နဲ့အတူ အဓိက သက်ရောက်တဲ့နေရာတခု ဖြစ်လာပါတယ်။
၂၀၂၃ အောက်တိုဘာမှာ စစ်အာဏာရှင်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက ထိုးစစ်ဆင်ပြီး နောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာရမှု ပိုများလာပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကဗုံးကြဲတာ၊ ရွာလုံးကျွတ် မီးရှို့တာတွေကြောင့် မြန်မာနိုင်ငံတနံတလျား အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အထူးများပြားလာခဲ့ပါတယ်။
၂၀၂၃ ဒီဇင်ဘာအထိ မြန်မာနိုင်ငံတွင်းမှာပဲ ရွှေ့ပြောင်းခဲ့ရသူ ၂ သမ ၈ သန်း ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး နိုင်ငံမဲ့လူဦးရေဖြစ်နေတဲ့ ရိုဟင်ဂျာလူနည်းစုအတွက်လည်း ဆိုးရွားလှတဲ့ အခက်အခဲတွေ ဆက်ရင်ဆိုင်နေရကာ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားစခန်းမှာ ရိုဟင်ဂျာ တသန်းကျော် ဆက်ရှိနေပါတယ်။
ဂါဇာကမ်းမြောင်မှာလည်း အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် သန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေဟာ နေရာအကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ရသလို သေဆုံးသူ ၄၀,၀၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။
စားဝတ်နေရေးကနေ နောက်တနေ့ ဆက်အသက်ရှင်ဖို့အထိ ခက်ခဲတဲ့အခြေအနေကို ဂါဇာကမ်းမြောင်နေ လူ ၁ ဒသမ ၇ သန်းလုံးနီးပါး ရင်ဆိုင်နေရပါတယ်။
ဆူဒန်မှာတော့ အာဏာသိမ်းခေါင်းဆောင်နှစ်ဦးရဲ့ အကွဲအပြဲကနေ ဖြစ်တဲ့ စစ်ပွဲကြောင့် နိုင်ငံတွင်း လူ ၁၀ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံဖို့ ကြိုးစားသူလည်း ၁ ဒသမ ၈ သန်းကျော် ရှိနေပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်မှုကလည်း ဒုက္ခသည်အရေအတွက် တိုးလာစေခဲ့ပြီး ၂၀၂၃ နှစ်ကုန်အထိ ယူကရိန်းဒုက္ခသည် ၆ သန်းကျော် ရှိပါတယ်။
ဒုက္ခသည်အရေအတွက်မှာ အာဖဂန်က ကမ္ဘာ့နံပါတ်တစ်နေရာ ဆက်ထိန်းထားဆဲဖြစ်ပြီး ကမ္ဘာအနှံ့ ထွက်ပြေးသူ ၆ ဒသမ ၄ သန်း ရှိပါတယ်။
၂၀၂၁ မှာ တာလီဘန်တွေ အာဏာပြန်ရပြီးနောက်ပိုင်း ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ စီးပွားရေး အကျပ်အတည်းကြောင့် နိုင်ငံစွန့်ခွာသူ အရေအတွက်က တိုးပွားလာနေပါတယ်။ ဒီကြားထဲ ရေကြီးမှုတွေကြောင့် ပိုအတိဒုက္ခရောက်ကြရပါတယ်။
DR Congo နိုင်ငံမှာလည်း ပဋိပက္ခတွေနဲ့ သဘာဝဘေးတွေကြောင့် ရပ်ရွာအသိုက်အဝန်း တခုလုံး အိုးအိမ်စွန့်ခွာရတာမျိုးတွေ ရှိပါတယ်။
စိန်ခေါ်မှုတွေ ပြင်းထန်ပေမဲ့ မျှော်လင့်ချက် ဝိုးတဝါးတော့ ရှိနေပါသေးတယ်။ ၂၀၂၃ နှစ်ကုန်မှာ လူ ၅ သန်းလောက် အိမ်ပြန်ခွင့်ရခဲ့ပါတယ်။ အိုးအိမ်စွန့်ခွာရမှုရဲ့ အဓိက ဇာစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စွန့်ခွာလာရသူတွေကို ကူညီပံ့ပိုးကတော့ ကမ္ဘာလုံးဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုမျိုး လိုအပ်နေဆဲ ဖြစ်ပါတယ်။
Source-Reuters