အမေရိကန်ပြည်ထောင်စုမှာ ရုရှားရဲ့ Kaspersky Lab က ပြုလုပ်ထားတဲ့ ဗိုင်းရပ်စ်သတ် ဆော့ဖ်ဝဲ ရောင်းချခြင်းကို တားမြစ်မယ့် အစီအစဉ်တွေကို သမ္မတ ဘိုင်ဒင်အစိုးရက ဇွန် ၂၀ ရက်မှာ ကြေညာလိုက်ပါတယ်။
Kaspersky ကုမ္ပဏီရဲ့ အမေရိကန် ဖောက်သည်ကြီးတွေထဲမှာ အရေးကြီးတဲ့ အခြေခံအဆောက်အဦ ပံ့ပိုးပေးသူတွေနဲ့ နိုင်ငံနဲ့ ဒေသအစိုးရတွေ ပါဝင်နေတယ်လို့ ကိုးကား ဖော်ပြထားပါတယ်။
ဒီကုမ္ပဏီအပေါ် မော်စကိုရဲ့ သြဇာလွှမ်းမိုးမှုဟာ သိသာထင်ရှားတဲ့ အန္တရာယ် ဖြစ်စေကြောင်း တွေ့ရှိခဲ့တယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာ ရေးမွန်ဒိုက ကြာသပတေးနေ့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
ကွန်ပျူတာရဲ့စနစ်တွေထဲကို ဆော့ဖ်ဝဲရဲ့ အထူးဝင်ရောက်ခွင့် ရရှိထားမှုဟာ အမေရိကန် ကွန်ပျူတာတွေဆီက အရေးကြီးတဲ့ အချက်အလက်တွေကို ခိုးယူဖို့ ဒါမှမဟုတ် ကွန်ပျူတာစနစ်ကို ခွင့်ပြုချက်မဲ့ နှောင့်ယှက်ပျက်စီးစေတဲ့ အထူးဒီဇိုင်းထုတ် မားလ်ဝဲ ထည့်သွင်းခြင်းနဲ့ အရေးကြီးတဲ့ အပ်ဒိတ်တွေကို ဆိုင်းထားခြင်း၊ ခြိမ်းခြောက်မှုကို မြှင့်တင်လုပ်ဆောင်ခြင်းတွေကို ခွင့်ပြုပေးနိုင်တယ်လို့ သတင်းရင်းမြစ်တခုကလည်း ပြောပါတယ်။
Kaspersky Lab နဲ့ ရုရှားသံရုံးတို့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တုံ့ပြန်ခြင်းမရှိပါဘူး။
အရင်တုန်းကတော့ Kaspersky က ရုရှားအစိုးရနဲ့ အဆက်အစပ်မရှိတဲ့ ပုဂ္ဂလိကပိုင် စီမံခန့်ခွဲရေးကုမ္ပဏီတခုဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ Kaspersky ဆော့ဖ်ဝဲလ်ကနေ အရင်းခံဖြစ်ပေါ်လာတဲ့ ရုရှား ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ အန္တရာယ်တွေကို ဖယ်ရှားဖို့ ဘိုင်ဒင် အစိုးရက ကြိုးပမ်းနေကြောင်း ပြသနေတာဖြစ်ပါတယ်။
ဒါ့အပြင် ယူကရိန်းစစ်ပွဲ အရှိန်ပြန်တက်လာတာကြောင့် မော်စကိုကို ဆက်လက်ဖိအားပေးနေဖို့နဲ့ အမေရိကန်ပြည်ထောင်စုဟာ ရုရှားကို အရေးယူဒဏ်ခတ်နိုင်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ နည်းသွားတာကြောင့်လည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source-Reuters